Silent Strike (အသံတိတ်သပိတ်) နေ့တွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် စစ်တပ်ထောက်ခံပွဲ ပြုလုပ်မည်

Silent Strike (အသံတိတ်သပိတ်) နေ့တွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် စစ်တပ်ထောက်ခံပွဲ ပြုလုပ်မည်

ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ပူဆွေးသောက ရောက်ခဲ့ရသည့် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အနေဖြင့် စစ်ခေါင်းဆောင်များအား ဆက်လက်ဖီဆန်ခြင်း ပြည်သူ့တော်လှန်ရေး အရှိန်မြှင့်တင်ရန် အတွက် Silent Strike (အသံတိတ်သပိတ်) ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် စစ်တပ်ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်နေသည်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်အနေဖြင့် ပြုလုပ်မည့် စစ်တပ်ထောက်ခံပွဲအတွက် ဒဂုံမြို့နယ် ရဲစခန်းတွင် ဇန်နဝါရီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ခွင့်ပြုချက် တောင်းခံထားပြီး ထိုတပ်ထောက်ခံပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်သည် တပ်ထောက်ခံပွဲများဖြင့် လူသိများသော အခြေခံလူတန်းစားဘဝ တိုးတက်မြင့်မားရေးပါတီ အထွေထွေ အတွင်းရေးမှူးတစ်ဦး ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြုလုပ်မည့် တပ်ထောက်ခံပွဲကို မိုက်ကယ်ကျော်မြင့်၊ ဒေါ်မိုးမိုးခိုင်နှင့် မင်းသားကြီး (ခ) အောင်ဆန်းဦးတို့က ဦး​ဆောင် ဟောပြောမည်ဟု ရဲစခန်းထံ ခွင့်ပြုမိန့်တောင်းခံစာတွင် ဖော်ပြထားသည်။

မန္တလေးတိုင်း၊ မိတ္တီလာမြို့တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့က စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ရာ တပ်ထောက်ခံပွဲအပြီး အမှတ် (၂) ရဲစခန်းရှေ့ရပ်ထားသော စစ်ကားပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်သည် အရပ်သားအစိုးရထံက အဓမ္မအာဏာသိမ်း ပြီးနောက် တစ်နှစ်ပြည့်ရန် ရက်ပိုင်းအလို ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ပြည်သူပေါင်း ၁၄၉၃ ဦးသည် စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပြီး လူပေါင်း ၁၁၇၃၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် စစ်အာဏာရှင်ဆန့်ကျင်ရေး Silent Strike (အသံတိတ်သပိတ်) နေ့တွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားပြီး အာဏာသိမ်း စစ်ကောင်စီဘက်ကမူ အဆိုပါ အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ခြင်း မပြုကြရန်နှင့် ပါဝင်သူများကို အရေးယူဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း စစ်အာဏာရှင် မလိုလားကြောင်း ပြသသည့် အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့တွင်လည်း နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်များ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ- (ဒီဇင်ဘာလ ၁၀ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော တပ်ထောက်ခံပွဲ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required