စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဝရုန်းသုန်းကား နှစ် 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဝရုန်းသုန်းကား နှစ် 
Photo - REUTERS

ဇန်နဝါရီလ ၂၅ ရက်

ဒီမိုကရေစီ ရပ်တည်ကာကွယ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရသော ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိသည်ဆိုကာ စစ်တပ်က ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းလိုက်သည်။ ကြီးမားသည့် မဲလိမ်မှု သက်သေမရှိဟု ရွေးကောက်ပွဲ စောင့်ကြည့်သည့် အဖွဲ့များက တွေ့ရှိထားသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ရပ်ဖြစ်စဉ်များကို အကျဉ်းရုံး ထုတ်နှုတ်ဖော်ပြသည်။ 

ဖေဖော်ဝါရီ ၁ ၊ ၂၀၂၁ - ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် NLD ပါတီမှ အခြား အကြီးတန်းပုဂ္ဂိုလ်များကို နံနက်ပို်ငး စီးနင်းမှုအတွင်း ဖမ်းဆီးခဲ့သည်။ 

စစ်တပ်က အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာ(နောက်ပိုင်း၌ သက်တမ်းထပ်တိုး) ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာလွှဲအပ်သည်။ 

ဖေဖော်ဝါရီ ၃ - ဆေးရုံများနှင့် ကျန်းမာရေးဌာန ၇၀ မှ ဝန်ထမ်းများ ဆန္ဒပြပြီး အလုပ်ရပ်နားကြသည်။ CDM လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် တော်တော်များများက ဖဲကြိုးနီများ ဝတ်ဆင်ကြသည်။ 

NLD ရုံးများ စီးနင်းခံရပြီး မှတ်တမ်းမှတ်ရာများနှင့် ကွန်ပျူတာများ သိမ်းဆည်းခံရသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို စစ်တပ်တာဝန်ရှိသူများ ရှာဖွေရာတွင် ခွင့်ပြုချက် မရှိဘဲ အသုံးပြုနေသော တရားမဝင် တင်သွင်းထားသည့် လက်ကိုင် ရေဒီယို ခြောက်လုံး တွေ့ရှိသည်ဆိုကာ ရဲက အမှုဖွင့်သည်။ 

သမ္မတကိုလည်း ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုဖြင့် အမှုဖွင့်သည်။ 

ဖေဖော်ဝါရီ ၄ မန္တလေးတွင် ဆန္ဒပြသူများက ဆိုင်းဘုတ်များ ကိုင်ဆောင်ဝှေ့ယမ်းကြပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြွေးကြော်ကြသည်။ 

ဖေဖော်ဝါရီ ၆ - ဆန္ဒပြသူများ သတင်းအချက်များ မျှဝေရာ တွစ်တာနှင့် အင်စတာဂရမ်ကို ပိတ်ဆို့သည့် အမိန့် ထုတ်သည်။ စစ်ကောင်စီက အင်တာနက်ကို ဖြတ်တောက်ခိုင်းသည်။ 

ဖေဖော်ဝါရီ ၇ - ၂၀၀၇ ခုနှစ် စစ်တပ်ဆန့်ကျင်ဆန္ဒပြမှုများ နောက်ပိုင်း မကျေနပ်မှုများအား အကြီးမားဆုံး ဖော်ထုတ်မှုအဖြစ် နိုင်ငံတလွှား ဆန္ဒပြကြသည်။ 

အင်တာနက် ပြန်လည်ရရှိသော်လည်း လူမှုမီဒီယာပလက်ဖောင်းများကို ဆက်လက်ပိတ်ထားသည်။ 

ဖေဖော်ဝါရီ ၉ - မြို့တော် နေပြည်တော်တွင် ရဲက သေနတ်ဖြင့် ပစ်ခတ်ပြီး အများအားဖြင့် မိုးပေါ်ထောင်ပစ်သည်။ မီးသတ်ပိုက်များ၊ ရော်ဘာကျည်များဖြင့် ဆန္ဒပြသူများအား ပစ်ခတ်သည်။ အမျိုးသမီးတစ်ဦး ခေါင်း ကျည်ထိမှန်ပြီး ၁၀ ရက်အကြာတွင် သေဆုံးခဲ့သည်။ 

ဖေဖော်ဝါရီ ၁၃ - သံသယရှိသူများကို ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကို ဝင်ရောက်ရှာဖွေခြင်းများ လုံခြုံရေးတပ်များ လုပ်ဆောင်နိုင်ရေးအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေးဥပဒေများကို စစ်ကောင်စီက ဖျက်သိမ်းသည်။ 

ဖေဖော်ဝါရီ ၂၂ - နိုင်ငံအနှံ့ လူအများ စုရုံးကြပြီး အထွေထွေသပိတ်ကြောင့် စီးပွားရေးလုပ်ငန်းကိုင်ငန်းများ ပိတ်သည်။ 

ဖေဖော်ဝါရီ ၂၅ - ဖေ့ဘုတ်က ၎င်း၏ ပလက်ဖောင်းမှ မြန်မာစစ်တပ်ကို တားမြစ်ဖယ်ရှားလိုက်သည်။ 

ရန်ကုန်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူများအား စစ်တပ်ထောက်ခံသူ ၁၀၀၀ ခန့်က တိုက်ခိုက်သည်။ 

ဖေဖော်ဝါရီ ၂၆ - အာဏာသိမ်းမှု ရပ်တန့်ရေးအတွက် ‘လိုအပ်သမျှ’ အခွင့်အာဏာသုံးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန်က ကုလသမဂ္ဂအား တိုက်တွန်းသည်။ နောက်ရက်၌ ၎င်းကို ရာထူးထုတ်ပယ်သည်။ 

မတ် ၂ - အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများက စစ်ကောင်စီ ကိုယ်စားလှယ်နှင့် ခေါ်ဆိုဆွေးနွေးသည်။ ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရေးနှင့် ဆန္ဒပြသူများအား သေလောက်အောင် အင်အားသုံးခြင်း ရပ်တန့်ရေး တိုက်တွန်းကြသည်။ 

မတ် ၄ - စစ်ကောင်စီ၏ အမိန့်ကို မနာခံလို၍ဟု ပြောဆိုလျက် အနည်းဆုံး ရဲ ၁၉ ဦး အိန္ဒိယနိုင်ငံဆီ ဖြတ်သန်းဝင်ရောက်ကြသည်။ 

မတ် ၅ - နယူးယောက်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိ  မြန်မာအကောင့်ကို အမေရိကန်တာဝန်ရှိသူများက ပိတ်လိုက်သည်။ အမေရိကန်သည် မြန်မာနိုင်ငံ၏ ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများနှင့် ထိပ်တန်းစစ်တပ်လုပ်ငန်းများကို ကုန်သွယ်လုပ်ကိုင်ခြင်းမှ ပိတ်ဆို့သည်။ 

မတ် ၂၂ - ဥရောပသမဂ္ဂက ခရီးသွားလာခွင့် တားမြစ်ချက် ချမှတ်ပြီး မင်းအောင်လှိုင်နှင့် ယာယီသမ္မတ မြင့်ဆွေအပါအဝင် အာဏာသိမ်းမှုနှင့် ဆက်စပ်သူ ၁၁ ဦး၏ ပိုင်ဆိုင်မှုများကို ပိတ်သိမ်းလိုက်သည်။ 

မတ် ၂၇ - စစ်တပ်က တပ်မတော်နေ့အား စစ်ရေးပြမှုဖြင့် ကျင်းပပြုလုပ်ချိန် တပ်ဖွဲ့ဝင်များက ပြည်သူ အနည်းဆုံး ၁၆၀ ကို သတ်ဖြတ်ခဲ့သည်။ 

မတ် ၂၈ - KNU ထိန်းချုပ်ထားသော နယ်မြေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကရင်ပြည်နယ်မှ ရွာသူရွာသား ၃၀၀၀ နီးပါး ထိုင်းဘက်သို့ ထွက်ပြေးခိုလှုံသည်။ 

ပြီးခဲ့သည့်ရက် ဖြိုခွင်းမှုအတွင်း သတ်ဖြတ်ခံရသည့် ပြည်သူ ၁၁၄ ဦးအတွက် ပဲခူးမြို့တွင် ဈာပနပြုလုပ်သည်ကို လုံခြုံရေးတပ်များက ပစ်ခတ်ခဲ့သ်ည။ 

ဧပြီ ၁ ရက် - ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုသည်။ 

ဧပြီ ၁၆ - စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးကို ရည်ရွယ်ပြီး ဖယ်ရှားခံ လွှတ်တော်အမတ်များနှင့် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှု ခေါင်းဆောင်များ ပါဝင်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းကြောင်း အာဏာသိမ်းမှု ဆန့်ကျင်သူများက ကြေညာသည်။ 

ဧပြီ ၂၄ - ပဋိပက္ခအဆုံးသတ်ရေးအတွက် မင်းအောင်လှိုင်နှင့်အတူ စီမံချက်တစ်ရပ်အား သဘောတူညီချက် ရရှိသည်ဟု အရှေ့တောင်အာရှ ခေါင်းဆောင်များက ပြောသည်။ 

ဧပြီ ၂၇ - ထိုင်းနယ်စပ်အနီးက စစ်တပ်စခန်းကို KNU က သိမ်းယူသည်။ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြင့် တုံ့ပြန်သည်။ 

မေ ၄ - ရုပ်သံဂြိုဟ်တုများကို တားမြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်သော မီဒီယာက ကြေညာသည်။ 

မေ ၂၄ - ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အစိုးရဖြုတ်ချခံရချိန်မှနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရားရုံး၌ လူကိုယ်တိုင် တွေ့ရသည်။ 

Frontier Myanmar မှ အသက် ၃၇ နှစ်အရွယ် အမေရိကန်အယ်ဒီတာ Danny Fenster က မလေးရှားသို့ သွားရောက်ရန် ပြင်ဆင်နေစဉ် ရန်ကုန်လေဆိပ်၌ အဖမ်းခံရသည်။ 

ဇွန် ၈ - ကရင်နီပြည်နယ်တွင် အရပ်သား ဧရိယာများကို “လုံခြုံရေးတပ်များ၏ အရမ်းကာရော တိုက်ခိုက်မှုများ” အပါအဝင် တိုက်ပွဲများကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းရသူ တစ်သိန်းခန့်ရှိသည်ဟု ကုလသမဂ္ဂက ပြောသည်။ 

ဇွန် ၂၁ - မော်စကိုအစည်းအဝေးတွင် မင်းအောင်လှိုင်နှင့် ရုရှလုံခြုံရေးကောင်စီ အတွင်းဝန် Nikolai Patrushev တို့က လုံခြုံရေးနှင့် အခြား ဆက်ဆံမှုများ ခိုင်မာအားကောင်းရေးကို ကတိကဝတ်ပြုကြသည်။ 

ဩဂုတ် ၁ - အိမ်စောင့်အစိုးရအတွင်း ဝန်ကြီးချုပ် ရာထူးကို မင်းအောင်လှိုင်က ရယူသည်။ ၂၀၂၃ တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟူသော ကတိပြုချက်ကို ထပ်လောင်းဆိုသည်။ 

ဩဂုတ် ၁၈ - အာဏာသိမ်းချိန်မှစကာ ဆန္ဒပြမှုများကို လုံခြုံရေးတပ်များ၏ ဖြိုခွင်းမှုများကြောင့် သေဆုံးသူဦးရေသည် ၁၀၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီပေးရေးအဖွဲ့အရ သိရသည်။ 

အောက်တိုဘာ ၁၆ - ပဋိပက္ခများ အဆုံးသတ်ရေး စီမံချက်တွင် တိုးတက်မှု မရှိဟူဆိုကာ မင်းအောင်လှိုင်အား ထိပ်သီးအစည်းအဝေးမှ အာဆီယံနိုင်ငံများက ဖယ်ရှားလိုက်သည်။ 

အောက်တိုဘာ ၁၉ - ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်အကူ အသက် ၇၉ နှစ်အရွယ် ဦးဝင်းထိန်အား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်သည်။ 

နိုဝင်ဘာ ၁၅ - အမျိုးမျိုးသော စွဲချက်များဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရသော Fenster လွတ်မြောက်ပြီး အမေရိကန်သို့ ပြန်သွားသည်။ 

ဒီဇင်ဘာ ၅ - ဆူပူအောင် သွေးထိုးလှုံ့ဆော်မှုနှင့် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်း ချိုးဖောက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ရှိကြောင်း စီရင်သည်။ မသိရသော နေရာ၌ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် နှစ်နှစ် ကျခံစေခြင်းဖြစ်ကာ ယင်းသည် လေးနှစ်ချမှတ်ထားသည့် ပြစ်ဒဏ်အား စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်၏ တစ်စိတ်တစ်ပိုင်း လွတ်ငြိမ်းခွင့်ပြုခြင်းဖြင့် နှစ်လျှော့ခြင်း ဖြစ်သည်။ 

ဇန်နဝါရီ ၇၊ ၂၀၂၂ - ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် နှစ်ရက်တာ မြန်မာခရီးစဉ်အတွင်း မင်းအောင်လှိုင်နှင့် တွေ့ဆုံရာ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရတစ်ရပ်၏ အကြီးအကဲတစ်ဦး ပထမဆုံး လာရောက်မှု ဖြစ်သည်။ 

ဇန်နဝါရီ ၁၀ - လိုင်စင်မဲ့ ဝေါ်ကီတော်ကီ ပိုင်ဆိုင်မှု အပါအဝင် စွဲချက်များဖြင့် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်လေးနှစ် ချမှတ်သည်။ 

ဇန်နဝါရီ ၁၄ - အသက် ၇၆ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား အကျင့်ပျက်ခြစားမှု စွဲချက်ငါးရပ်ဖြင့် စွဲဆိုသည်။ အားလုံးပေါင်းလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထောင်ဒဏ် ၁၆၄ နှစ် ကျခံရမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required