NLD အောင်နိုင်ရေး ရည်ရွယ် ရိုက်ကူးထားသည့် အီဖေကိုတို့ရွေးကောက်ပွဲ ရုံတင်ပြသတော့မည်

NLD အောင်နိုင်ရေး ရည်ရွယ် ရိုက်ကူးထားသည့် အီဖေကိုတို့ရွေးကောက်ပွဲ ရုံတင်ပြသတော့မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ။     ။ NLD ပါတီ အောင်နိုင်ရေးအတွက် ရည်ရွယ် ရိုက်ကူးထားသည့် ဒါရိုက်တာ အကယ်ဒမီ ညီညီထွန်းလွင်၏ ပထမဆုံး နိုင်ငံရေး ဇာတ်ကားဖြစ်သည့် အီဖေကိုတို့ ရွေးကောက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသသွားမည် ဖြစ်သည်။

အီဖေကိုတို့ရွေးကောက်ပွဲ ရုပ်ရှင် ဇာတ်ကားကို အိပ်မက်မျှဝေ ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးခြင်း ဖြစ်ပြီး စီစဉ်သူ သြရသ၊ ဝတ္တု လူနေ၊ ဇာတ်ညွှန်း လွင်မင်းအံ့ ဖြစ်ကာ ဒါရိုက်တာ အကယ်ဒမီ ညီညီထွန်းလွင်မှ ရိုက်ကူးထားသည်။

သရုပ်ဆောင်များ အဖြစ် ဇေရဲထက်၊ ညီထွဋ်ခေါင်၊ နန်းမြတ်ဖြိုးသင်း၊ ခန့်စည်သူ၊ ထွန်းထွန်း၊ ခင်လှိုင်၊ ဆင်မ၊ မျိုးမျိုးခိုင်၊ အေးသီတာ၊ Kညီ ၊ မေပန်းချီ တို့အပြင် အခြား သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးထားသည်။

ဒါရိုက်တာ ညီညီထွန်းလွင်က "ဒီဇာတ်ကားလေးက နိုင်ငံရေး ဇာတ်ကားပေါ့ မြန်မာရုပ်ရှင်မှာ နိုင်ငံရေးကားလည်း မရှိပါဘူး။ ဒါကတော့ ပေါ်တင် နိုင်ငံရေးကားပဲ တိုင်းပြည်တစ်ပြည်ကို လက်ရုံးရည်သမား၊ တိုက်ခိုက်ရေး သမားတွေက ဦးဆောင်သင့်သလား ပညာတတ် နှလုံးရည် သမားတွေက ဦးဆောင်သင့်သလား အဲတာကို Message (သတင်းစကား) ပေးထားတာ။ တိုင်းပြည်တစ်ပြည်က ပညာတတ်တွေ ဦးဆောင်မှ ကောင်းမယ်ဆိုတဲ့ အရာကို ရိုက်ပြထားတာပါ" ဟု ပြောသည်။

ဇာတ်လမ်းမှာ ရွေးကောက်ရွာတွင် ပညာတတ် မောင်ဖေ(ဇေရဲထက်) နှင့် တိုက်ခိုက်ရေး သမား လက်ရုံးရည် သမား ဖြစ်သည့် မောင်ကို(ညီထွဋ်ခေါင်) တို့ နှစ်ဦး ရှိကြသလို ထိုရွာတွင် ရှိသည့် ချောမောလှပသည့် ချိုအီ( နန်းမြတ်ဖြိုးသင်း) ဆိုသည့် ကောင်မလေးကို မောင်ကို နှင့် မောင်ဖေ ဘယ်သူနှင့် သဘောတူလဲ ဆိုတာကို ရွာသူရွာသားများမှ မဲပုံးထောင်ပြီး ရွေးကောက်ပွဲ ကျင်းပကြသလို ရွေးကောက်ပွဲ ကျင်းပချိန်တွင် ရွာသို့ ဓားပြဗိုလ် ဗိုလ်နေတိုး (ခန့်စည်သူ) တို့ အဖွဲ့ ဓားပြဝင်တိုက်ကြသည့် အခါ ချိုအီကိုတွေ့ ပြီး သဘောကျသွားရာမှ သူပါ ရွေးကောက်ပွဲ ဝင်ရွေးခံသည့် အခါ နောက်ဆုံး ထိုရွာကို ပညာတတ် နှလုံးရည်သမားက ကယ်တင်သွားပုံကို ဒါရိုက်တာမှ ဟာသဆန်ဆန် ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။

ထို ရုပ်ရှင် ဇာတ်ကားကြီးကို ၂၀၁၅ ခုနှစ်က ရိုက်ကူးထားခြင်းဖြစ်ပြီး NLD ပါတီ ရွေးကောက်ပွဲ အတွက် ရည်ရွယ် ရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ကားလည်း ဖြစ်သည်။

ဒါရိုက်တာ ညီညီထွန်းလွင်က "ဒီကားလေးက NLD ပါတီ အတွက် ရည်ရွယ်ပြီး ရိုက်ကူးထားတာပါ။ ပါတီအလံ ကြည့်ပြီး ပေး လူကို ကြည့် မပေးနဲ့ ဆိုတာနဲ့ အသာ နောက်ဆုတ်ပြီး အခုမှ ရုံတင်ဖြစ်တာပါ။ နိုင်ငံကလည်း NLD အစိုးရ လက်ထက် ရောက်လာပါပြီ။ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကြွေးကြော်သံ နဲ့အတူ ဒီကားလေးကလည်း ချစ်ကြိုက်ကွဲညား ပုံစံ ပြောင်းလဲထားတာပါ။ ကြည့်ရင်တော့ ကျေနပ်လိမ့်မယ် ပျော်ရွှင်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ထပ်မံ ပြောပြသည်။

အီဖေကိုတို့ ရွေးကောက်ပွဲ ရုပ်ရှင် ဇာတ်ကားကြီးသည် ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူး နေကျ ပုံစံများထဲမှ ခွဲထွက်ကာ ပထမဆုံး အနေဖြင့် နိုင်ငံရေး နှင့် သက်ဆိုင်သည့် အကြောင်းအရာကို ပုံဖော် ရိုက်ကူးထားခြင်း ဖြစ်သည်။

ဇာတ်ကား ရိုက်ကူး ပုံဖော်ရာတွင် အခက်အခဲ မရှိခဲ့သော်လည်း ရုံတင် မပြသခင် ဆင်ဆာသည့် အခါတွင် ဆင်ဆာ ဖြတ်တောက်မှုများ ရှိခဲ့သည်။ ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခန်းတွင် ချိုအီကို PR စနစ်နဲ့ အချိုးကျ ခွဲယူရအောင် မဟုတ်ဘူး နိုင်သူအကုန်ယူစနစ်ပဲ ကောင်းတယ် ဆိုသည့် ဇာတ်ဝင်ခန်း နှင့် ကြိုတင်မဲ အလိုမရှိဟု အော်ထားသည့် ဇာတ်ဝင်ခန်းများကို ဖြတ်တောက်ခံရသည်။

အီဖေကိုတို့ရွေးကောက်ပွဲ ရုပ်ရှင် ဇာတ်ကားကြီးကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် အုပ်စု A ဖြစ်သည့်
သမ္မတ၊ မင်္ဂလာ (သိမ်ကြီးဈေး)၊ Junction MawTin၊ Junction Square၊ Top Royal ၊ ရွှေဗဟို၊ မြရတနာ၊ မြဟံသာ၊ မဟာမြိုင် နှင့် မန္တလေးမြို့တွင် ဝင်းလိုက်၊ မြို့ဂုဏ်ရောင်၊ JCGV Mdy နှင့် နေပြည်တော်တွင်
Junction Nay Pyi Taw ၊ အောင်သပြေ၊ ဇေယျာသီရီ တို့အပြင် နယ်မြို့များ ဖြစ်သည့် တောင်ကြီး၊ လားရှိုး၊  ပြင်ဦးလွင်၊ ပုသိမ်၊ ဘားအံ၊ မြိတ် တို့တွင်ပါ တစ်ပြိုင်တည်း ပြသသွားမည် ဖြစ်သည်။

 

#အီဖေကိုယ်တို့ရွေးကောက်ပွဲ#ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာကို တင်ပေးလိုက်ပါပြီ..ဟာသကြိုက်တဲ့ ပရိတ်သတ်တွေ ရယ်မောရင်းနဲ့ ဘဝအမောတွေ လုံးဝပြေသွားစေရမယ့်ကားတစ်ကားပါ..ရယ်ရရုံသက်သက်ပဲ မဟုတ်သလို..သာမန်ချစ်ကြိုက်ကွဲညားဇာတ်တွေထက်ထူးခြားပါတယ်...စနစ်အပြောင်းကို နိမိတ်ကောင်းနဲ့ ကြိုတင်ရည်စူး ရိုက်ကူးထားသလို..အတိတ်ဟောင်းကိုလဲ မှန်းမျှော်ကြည့် အရမ်းသရော်ကလိ ထားပါတယ် ခင်ဗျာ..#ဇန်နဝါရီ နောက်ဆုံးပတ် တွင်ရုံတင်ပြသပါမည်##ရန်ကုန်#သမ္မတ ၊ မင်္ဂလာ ( သိမ်ကြီးဈေး) ၊ Junction ( Maw Tin / Square ) ၊ Top Royal ၊ ရွှေဗဟိုရ် ၊ မြရတနာ၊မြဟံသာ၊ မဟာမြိုင်..#မန္တလေး#ဝင်းလိုက်၊ မြို့ဂုဏ်ရောင်၊ JCGV (MDY)#နေပြည်တော်#Junction ( နေပြည်တော် ) ၊ အောင်သပြေ ၊ ဇေယျာသီရိ#နယ်မြို့များ#တောင်ကြီး၊ လားရှိုး ၊ ပြင်ဦးလွင်၊ ပုသိမ်၊ ဘားအံ၊ မြိတ်..နှင့်အခြားအဆင့်မြင့်ရုံကြီးများတွင် တပြိုင်နက်တည်း ပြသပါမည်။

Posted by အီဖေကိုယ် တို့ ရွေးကောက်ပွဲ on Monday, 21 December 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly