အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရာတွင် တိုးတက်မှုမရှိသရွေ့ အာဆီယံအစည်းအဝေးများ၌ စစ်ကောင်စီကို မဖိတ်ရန် အင်ဒိုနီးရှား ပြော

အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရာတွင် တိုးတက်မှုမရှိသရွေ့ အာဆီယံအစည်းအဝေးများ၌ စစ်ကောင်စီကို မဖိတ်ရန် အင်ဒိုနီးရှား ပြော

ဇန်နဝါရီ ၂၃

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှု မရသေးသရွေ့ စစ်ကောင်စီကို အာဆီယံအစည်းအဝေးများသို့ မဖိတ်ကြားရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ဒိုဒိုက ပြောကြားလိုက်သည်။ တိုးတက်မှု မရှိသေးသမျှ အာဆီယံအစည်းအဝေးများ၌ နိုင်ငံရေးပိုင်းက မဟုတ်သူကိုသာ မြန်မာအတွက် ကိုယ်စားပြုတက်ခွင့်ပြုသင့်ကြောင်း အင်ဒိုနီးရှားက ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီသည် ဇန်နဝါရီ ၂၁ ရက်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဖုန်းဆက် ဆွေးနွေးခဲ့ကြစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်ဆန် မကြာသေးခင်က မြန်မာသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်များ အကောင်အထည်ဖော်မည် ဆိုပြီး ကတိပြုခဲ့ခြင်း မရှိသည့်အပေါ် စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားသမ္မတက ဟွန်ဆန်နှင့် ဖုန်းဆက်ဆွေးနွေးစဉ် ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာ့အရေး အာဆီယံ၏ လုပ်ကိုင်ဆောင်ရွက်မှုက အထူးသဖြင့် အာဆီယံဘုံသဘောတူညီချက်ငါးချက်အပါအဝင် သဘောတူထားသည့် စည်မျဉ်းများအပေါ် အခြေတည်သင့်သည်ဟု အင်ဒိုနီးရှားသမ္မတက ပြောခဲ့သည်။

ထို့ပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုကို မြန်မာစစ်ကောင်စီ အဆိုပြုသည့် လမ်းပြမြေပုံငါးချက်နှင့် ချိတ်ဆက်ခြင်း မပြုသင့်ကြောင်း အင်ဒိုနီးရှားသမ္မတက အလေးပေးပြောခဲ့သည်။

အားလုံးပါဝင်သော ဆွေးနွေးညှိနှိုင်းမှုတစ်ခု အောင်မြင်စေရေးအလို့ငှာ အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်ကို မြန်မာ့နိုင်ငံရေး၏ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံစေနိုင်ရေး အာဏာသိမ်းစစ်တပ်ဘက်က ခွင့်ပြုလုပ်ဆောင်ရန် ဂျိုကိုဝီက တိုက်တွန်းခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ဖော်ဆောင်မှုကို စောင့်ကြည့်ရန် သုံးပွင့်ဆိုင်အဖွဲ့တစ်ခု ဖွဲ့စည်းမည့် ဟွန်ဆန်၏ အဆိုပြုချက်နှင့်ပတ်သက်၍လည်း ယင်းကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား ဆွေးနွေးသင့်သည်ဟု ဂျိုကိုဝီက ပြောခဲ့ကြောင်း သိရသည်။

ထို့ပြင် ခွဲခြားဆက်ဆံမှု မရှိဘဲ လူသားချင်းစာနာမှု အကူအညီ ဖြန့်ဝေရေးအတွက် ထောက်ကူပံ့ပိုးရန် တိုင်ပင်ညှိနှိုင်းမည့် အစည်းအဝေးတစ်ခု လုပ်ဆောင်ရန် အဆိုပြုချက်ကို ၎င်းက သဘောတူခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required