ယူကရိန်းအတွက် အမေရိကန်ပေးပို့သည့် စစ်ရေးအကူအညီ ပစ္စည်းများ ပထမအသုတ် ဘိုရီစပီးလ်လေဆိပ်သို့ ရောက်ရှိ

ယူကရိန်းအတွက် အမေရိကန်ပေးပို့သည့် စစ်ရေးအကူအညီ ပစ္စည်းများ ပထမအသုတ် ဘိုရီစပီးလ်လေဆိပ်သို့ ရောက်ရှိ

ဇန်နဝါရီ ၂၃

ယူကရိန်းအတွက် အမေရိကန်က ပေးပို့လိုက်သည့် စစ်ရေးအကူအညီများအနက် ပထမဆုံးအသုတ် အကူအညီပစ္စည်းများသည် ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ ဘိုရီစပီးလ် လေဆိပ်ကို ရောက်ရှိလာခဲ့သည်။

ယူကရိန်းစစ်တပ်အတွက် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ လုံခြုံရေးအကူအညီများ ပေးအပ်ရေး အစီအစဥ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလတွင် ခွင့်ပြုပေးထားခဲ့ခြင်း ဖြစ်သည်။

ယခု အကူအညီပစ္စည်းများထဲတွင် ရှေ့တန်းနေရာရှိ ယူကရိန်းစစ်သည်များအတွက် ခဲယမ်းများအပါအဝင် အလေးချိန်ပေါင် ၂ သိန်း (တန် ၉၀) ရှိ လက်နက်များ၊ လုံခြုံရေး အကူအညီများပစ္စည်းများ ပါဝင်သည်။ ယင်းအကူအညီများက ယူကရိန်း၏ အချုပ်အချာအာဏာ ခုခံကာကွယ်ပိုင်ခွင့်အပေါ် အမေရိကန်ဘက်က အခိုင်အမာ ထောက်ခံကြောင်းကို ပြသခြင်းလည်း ဖြစ်သည်။ ယမန်နှစ်က အမေရိကန်သည် ယခု အကူအညီပေးမှု အစီအစဥ် အပါအဝင် ယူကရိန်းကို ဒေါ်လာ သန်း ၆၅၀ ကျော် တန်ဖိုးရှိ လုံခြုံရေးအကူအညီများ ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ယူကရိန်းအတွက် အမေရိကန်က ပေးအပ်ခဲ့သည့် လုံခြုံရေးအကူအညီ ထောက်ပံ့မှုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော် ရှိပြီဖြစ်သည်။

ယူကရိန်း၏ အချုပ်အချာအာဏာနှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုကို ရုရှား၏ ကျူးကျော်နိုင်မှုရန်ကနေ ခုခံကာကွယ်ရန်အတွက် ယူကရိန်းစစ်တပ်၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ကူပံ့ပိုးရန်အလို့ငှာ အမေရိကန်ဘက်က ယင်းကဲ့သို့ အကူအညီများကို ဆက်လက် ထောက်ပံ့သွားမည်ဖြစ်သည်။ သမ္မတ ဘိုင်ဒင်က ရုရှားသမ္မတ ပူတင်ကို ပြောထားသည့်အတိုင်းပင် အကယ်၍ ရုရှားဘက်က ယူကရိန်းကို ကျူးကျော်လာမည်ဆိုပါက အမေရိကန်အနေဖြင့် လက်ရှိ ထောက်ပံ့ပေးထားပြီးသည့် အကူအညီများအပြင် ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီပစ္စည်းများ ထပ်မံပေးသွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly