မြန်မာဒုက္ခသည်များအား ပို၍ ဘေးကင်းလုံခြုံသည့် နေရာသို့ ပို့ရန် ထိုင်းကို UNHCR တိုက်တွန်း 

မြန်မာဒုက္ခသည်များအား ပို၍ ဘေးကင်းလုံခြုံသည့် နေရာသို့ ပို့ရန် ထိုင်းကို UNHCR တိုက်တွန်း 

ဇန်နဝါရီ ၂၂

တက်ခ်ပြည်နယ် မဲဆောက်ခရိုင်က ‘ယာယီ ဘေးကင်းမှု ဧရိယာ’အတွင်း ခိုလှုံနေထိုင်နေရသည့် မြန်မာဒုက္ခသည် ၁၀၀၀ ခန့်ကို ပို၍ ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးရန် ထိုင်းအစိုးရအား ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ UNHCR က တိုက်တွန်းသည်။ 

“မြန်မာနိုင်ငံက အခြေအနေဟာ အတော်လေး မရေမရာ ရှိနေဆဲ ဖြစ်တယ်၊ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အထောက်အပံ့တွေ လိုအပ်နေပြီး နယ်စပ် မြန်မာဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ ပိုပြီး ဘေးကင်းလုံခြုံမယ့်၊ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပိုရရှိစေမယ့် အခြားနေရာဆီ ပို့ဆောင်ပေးဖို့ ထိုင်းအစိုးရကို UNHCR က တိုက်တွန်းတယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ဘက် ကရင်နှင့် ကယားပြည်နယ်တို့မှ နေအိမ်စွန့်ခွာ ထွက်ပြေးပြီး ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်နှင့် မယ်ဟောင်ဆန်ပြည်နယ်များဆီ ဘေးလွတ်ရာ ခိုလှုံလာသူပေါင်း ၉၅၀၀ ကျော်မက ရှိကြောင်း တရားဝင်သတင်းရင်းမြစ်များအရ သိရသည်။ 

အများစုက မြန်မာနိုင်ငံသို့ ပြန်ကြပြီဖြစ်သော်လည်း ထိုင်းအစိုးရထံမှ UNHCR သိရှိရသည်မှာ မဲဆောက်တွင် ခန့်မှန်းဒုက္ခသည်ပေါင်း ၁၀၀၀ ခန့် ရှိနေသည်။ 

အသစ် ရောက်ရှိလာသူများအား လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးရန် ထိုင်းအစိုးရအား ထောက်ပံ့သွားရေး အသင့်ရှိနေကြောင်း UNHCR က ထပ်လောင်းဆိုသည်။ 

“UNHCR နဲ့ လူသားချင်းစာနာထောက်ထားရေး မိတ်ဖက်အဖွဲ့တွေအနေနဲ့ ဒုက္ခသည်ဦးရေကို ပိုမို လက်ခံဖို့ ဆက်လက် မေတ္တာရပ်ခံနေပါတယ်”ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ၏ အခြေအနေ ပိုမို မဆိုးဝါးလာရေးအတွက် ထိုင်းနိုင်ငံ၏ ထောက်ပံကူညီမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူး၏ အထူးသံတမန် နိုလင်းဟေဇာက တနင်္လာနေ့တွင် တိုက်တွန်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required