စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးလည်ပတ်ရန်ရှိသော သတင်းများနှင့်အတူ လုံခြုံရေးအထူးတင်းကြပ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးလည်ပတ်ရန်ရှိသော သတင်းများနှင့်အတူ လုံခြုံရေးအထူးတင်းကြပ်

ဇန်နဝါရီ ၂၂

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့သို့လာရောက်မည်ဟု သတင်းများနှင့်အတူ မြေပြင်လုံခြုံရေးထူးထူးကဲကဲချထားခြင်းနှင့်ကောင်းကင်ယံတွင် ရဟတ်ယာဉ်ဖြင့် ကင်းလှည့်ခြင်းများ ယနေ့နံနက်ကတည်းကဖြစ်ပေါ်လျှက်ရှိသည်။

အသက် ၆၅ နှစ်အရွယ် မင်းအောင်လှိုင်သည် မန္တလေး ချမ်းမြသာစည်မြို့နယ်တွင်ဖွင့်လှစ်မည့် တရားလွှတ်တော်ရုံးသစ် ဖွင့်ပွဲအခမ်းအနားသို့လည်းတက်ရောက်မည်ဖြစ်ကြောင်းနှင့် မန္တလေးမြို့ခံအစ္စလာမ်အသိုက်အဝန်းမှဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံရန်ရှိကြောင်းလည်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

"မနေ့က တိုင်းမှူးဗလီကိုလာတယ်၊ မအလဒီနေ့လာမယ်ဆိုပြီး ဗလီမှာလုံခြုံရေး ၃၅ ယောက် တစ်ညလုံးချထားတယ်" ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့်မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ယမန်နေ့ညကတည်းက စစ်ကောင်စီတပ်များကင်းပုန်းဝပ်ခြင်းကို မြို့အနှံ့သတိထားမိသည်ဟု နှံံ့နှံ့စပ်စပ်ရှိသူ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယနေ့နံနက် ၈ နာရီကျော်တွင် စစ်ရဟတ်ယာဉ်နှစ်စီးကောင်းကင်ယံတွင် ဝဲပျံနေခဲ့ကာ စစ်ဆေးရေးတင်းကျပ်နေသည်ဟု ဆိုသည်။

"ဟိုတစ်ခါကလည်း ICJ (နိုင်ငံတကာတရားရုံး) နီးလို့ ဂျွန်းဗလီကိုတစ်လာလာတယ်။ ဒီတစ်ခေါက်က မြောက်အိုးဘိုဗလီကိုလာမယ်လို့အသံထွက်နေတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်လာရောက်လည်ပတ်မည်ဆိုသော သတင်းများနှင့်အတူ မန္တလေးမြို့တွင် လုံခြုံရေးများချထားခြင်းနှင့် ရဟတ်ယာဉ်ဖြင့်ကင်းလှည့်ခြင်းများလုပ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required