နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲဆိုထားသော အဂတိအမှုများအတွက် ကြားနာရန် တရားလိုပြသက်သေ ဒေါက်တာသန့်သော်ကောင်း ရောက်မလာ၍ ရုံးချိန်းရွှေ့ဆိုင်း

နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲဆိုထားသော အဂတိအမှုများအတွက် ကြားနာရန် တရားလိုပြသက်သေ ဒေါက်တာသန့်သော်ကောင်း ရောက်မလာ၍ ရုံးချိန်းရွှေ့ဆိုင်း

ဇန်နဝါရီ ၂၁

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးအပေါ် စွဲဆိုထားသော အဂတိအမှုများအတွက် ယနေ့ကြားနာစစ်ဆေးရန်ရှိသော်လည်း တရားလိုပြသက်သေ ဒေါက်တာသန့်သော်ကောင်း ရောက်ရှိမလာသောကြောင့် ရုံးချိန်းကို ပြန်လည်ရွှေ့ဆိုင်းလိုက်သည်။

ယနေ့တွင် စွဲဆိုထားသော အဂတိမှုများအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို ဇဗ္ဗူသီရိမြို့နယ်အထူးသီးသန့်တရားရုံးသို့ ရုံးထုတ်ခဲ့ကြပြီး နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်သည်ဟုဆိုသည်။

စွပ်စွဲခံရသူနှစ်ဦးနှင့် ၄င်းတို့၏ ရှေ့နေအဖွဲ့အမှုအတွက် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပြီး နောက် နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် တရားခွင်စတင်ခဲ့သည်။

ထို့နောက် အဂတိမှုလေးမှုဖြစ်သော ရာကြီးအမှုအမှတ် ၃၊ ၄၊ ၅နှင့် ၂၅ အမှုတို့ကို ကြားနာစစ်ဆေးရန်ရှိသော်လည်း တရားလိုပြသက် သေ ဒေါက်တာသန့်သော်ကောင်း ရောက်ရှိမလာ၍ အမှုလေးမှုကို ဖေဖော်ဝါရီ ၄ရက်သို့ ရွှေ့ဆိုင်းခဲ့ကြသည်။

ဒေါက်တာသန့်သော်ကောင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD )ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အထူးယုံကြည်ရသူတစ်ဦးဟု သိရသော်လည်း လက်ရှိတွင်စစ်ကောင်စီဘက်မှ တရားလိုပြသက်သေ လာရောက်ထွက်ဆိုသူတစ်ဦးဖြစ်ခဲ့သည်။

ယနေ့ရုံးချိန်းတွင် စစ်ဆေးမည့် ရာကြီးမှုအမှတ် ၃၊ ၄၊ ၅နှင့် ၂၅ အမှုလေးမှုတို့သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိစ္စနှင့်ပတ်သက်၍ စွဲဆိုထားသော အမှုများဖြစ်သည်။

ထို့နောက် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို သီးခြားစွဲဆိုထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရဟတ်ယာဥ် ဝယ်ယူသုံးစွဲမှုအပေါ် စွဲဆိုထားသော အဂတိမှုပုဒ်မ ၅မှုအနက် သုံးမှုကို ဆက်လက်စစ်ဆေးခဲ့သည်။

ယင်းအဂတိအမှု သုံးမှုမှာ ရဟတ်ယာဥ် ငှားရမ်းသုံးစွဲမှု နှင့်သက်ဆိုင်သော အမှုတစ်မှုနှင့် ကျန်နှစ်မှုမှာ ရဟတ်ယာဥ်ဝယ်ယူသုံးစွဲခြင်းနှင့်ဆိုင်သော အမှုတို့ဖြစ်သည်။

ယင်းအမှုသုံးမှုအတွက် စွပ်စွဲခံရသူဘက်ရှေ့နေများက ရှေ့နေပါဝါတင်သွင်းခဲ့ ကြပြီး နောက် တရားသူကြီးက ဖေဖော်ဝါရီ ၄ ရက်သို့ပင် ထပ်မံရွှေ့ဆိုင်းခဲ့သည်။

အသက် ၇၆ နှစ်အရွှယ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆက်လက်ရင်ဆိုင်ရန် ကျန်ရှိသည့်အမှုများမှာ အဂတိမှု (၁၀)မှု အပါအဝင်ရှောင်တာနယ်နှင့် ပူးတွဲစွဲဆိုထားသော နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)အမှုတို့ကျန်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required