စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာပေးရန် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့တောင်းဆို

စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာပေးရန် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့တောင်းဆို

ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံတွင် စစ်ရေးအရ လေယာဉ် မပျံသန်းရဇုန် ကြေညာပြီး လိုက်နာမှု ရှိစေရန်၊ နိုင်ငံတကာမှ တာဝန်ယူ စောင့်ကြပ်ပေးရေး ပါဝင်သည့် အချက် သုံးချက်ကို ချင်းအမျိုးသားတပ်ဦး၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့က ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဇန်နဝါရီ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် နိုင်ငံတကာ အာမခံမှုဖြင့် အရပ်သား ပြည်သူများကို အကာအကွယ် ပေးအပ်သည့် လုံခြုံသော နေရာများ သတ်မှတ်ပေးရန်နှင့် စစ်ရှောင်စခန်းများ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်း များကဲ့သို့ နေရာများကို တိတိကျကျ သတ်မှတ် ကြေညာပေးရန် တောင်းဆိုထားသည်။

နိုင်ငံတကာ အတိုင်းအတာဖြင့် ညှိနှိုင်းထားသော လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများကို ကြေညာပြီး ထိုနေရာများမှ တစ်ဆင့် နယ်စပ်ဖြတ်ကျော်ကာ သို့မဟုတ် နိုင်ငံတွင်း အဓိကကျသော နေရာများမှ တစ်ဆင့် အကူအညီပေးရေး အဖွဲ့အစည်းများ အနေဖြင့် အလိုအပ်ဆုံး နေရာများသို့ သွားရောက်ပံ့ပိုးရန် စသည့် အချက် သုံးချက် ပါဝင်သည်။

မြန်မာနိုင်ငံ အတွင်းပိုင်းရှိ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးဒေသများရှိ ပြည်သူများသည် လူသားခြင်း စာနာထောက်ထားမှု အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟုလည်း ဆိုသည်။

အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများကို ရှုတ်ချထားပြီး ကုလ အထူးကိုယ်စားလှယ် အဆိုပြုသည့် “လူသားချင်း စာနာထောက်ထားမှု” အကူအညီ ပေးအပ်ရေး ချဉ်းကပ်မှုကို ကြိုဆိုလိုက်သည်။

အဆိုပါ အစီအစဉ်များကို မြန်မာ့ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဆွေများ ပူးပေါင်း ဖော်ဆောင် ပေးပါက ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အလျှင်အမြန် ပံ့ပိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ တစ်ခုတည်းတွင်ပင် ပြည်သူ ၁၀၀၀၀၀ ကျော်တို့သည် စိုးရိမ်ကြောက်လန့်မှုများဖြင့် အသက်ရှင် နေကြရပြီး ပြည်သူ ၅၀၀၀၀ ကျော် စစ်ေးရှောင်နေရသည်။

ထို့အတူ ကရင်နီပြည်နယ် လူဦးရေ၏ ထက်ဝက်နီးပါးဖြစ်သည့် လူ ၁၅၀၀၀၀ နီးပါး စစ်ဘေးရှောင်နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly