ထားဝယ်မြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

By ကိုရွှေမြိတ်
20 January 2022
ထားဝယ်မြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ကျေးရွာသုံးရွာတွင် PDF အဖွဲ့ကို တောနင်းရှာဖွေရန် စစ်ကောင်စီအဖွဲ့မှ စစ်ကြောင်းထိုး ဝင်ရောက် ပစ်ခတ်မှုများ ပြုလုပ်နေ၍ ကျေးရွာနေ ဒေသခံများ ရွာလုံးကျွတ် နီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရောက်ရှိလာပြီး ခေါင်တိုင်ပြင်ရွာနှင့် မြင်းမတ်တပ်ရွာတို့တွင် တပ်စွဲထားကာ နောက်ရက် ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင် PDF အဖွဲ့ကို တောနင်းရှာဖွေရန် စစ်ကြောင်းထိုး ၀င်ရောက်ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးခြင်းနှင့် ကျေးရွာအတွင်း တပ်စွဲထားခြင်းကြောင့် မြေးခန္တီရွာ အနီးတစ်ဝိုက်ရှိ ကျေးရွာများ ဖြစ်သည့် မြင်းမတ်တပ်၊ ရေဝိုင်းနှင့် ခေါင်တိုင်ပြင်ရွာတို့တွင် ပြည်သူများ ရွာလုံးကျွတ် နီးပါး ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ခေါင်တိုင်ပြင်ရွာ ဒေသခံ တစ်ဦးက"စစ်တပ်က အင်အား အများအပြားနဲ့ တပ်စွဲထားပါတယ် ဖမ်းဆီးခံရမှာကြောင့်လို့ အခု ကျေးရွာ သုံးရွာက ပြည်သူ ဒေသခံ ဦးရေ ၁၀၀၀ နီးပါး နေအိမ်စွန့်ပြီး တိမ်းရှောင်နေရတယ်"ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင် မြင်းမတ်တပ်ရွာ အနီးတဝိုက်၌ ရမ်းသန်း ပစ်ခတ်မှုများ စတင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly