လက်ပန်ရွာသား ၃ ဦး စစ်တပ်၏ ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် စစ်ကြောရေး၌ သေဆုံး

လက်ပန်ရွာသား ၃ ဦး စစ်တပ်၏ ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် စစ်ကြောရေး၌ သေဆုံး
ဦးမြတ်မိုး (ခ) ဦးဖိုးကြီး

ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လက်ပန်စံပြကျေးရွာမှ ရွာသူရွာသား ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ရွာသားသုံးဦးမှာ နောက်တစ်ရက်တွင် စစ်ကြောရေး၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“ဖမ်းသွားတဲ့ ၁၃ ယောက်ကို နွားထိုးကြီးမြို့နယ်က နယ်မြေခံရဲစခန်းကို ထမင်းသွားပေးတာ။ အခု ၁ဝ ယောက်ပဲ ကျန်တော့တယ်။ သုံးယောက်က သေသွားပြီ။ အခု သူတို့ရင်ခွဲရုံကို ပို့ထားတယ်ပေါ့နော်။ အလောင်းပေးမယ်၊ မပေးဘူးကတော့ အခုအချိန်အထိ မကွဲသေးဘူး။ အလောင်းကိုလည်း ကြည့်လို့တောင် မရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ရွာခံ ၁၃ ဦးအနက် စစ်ကောင်စီတပ်သားများ၏ လက်ချက်ကြောင့် သေဆုံးသွားသူများမှာ အသက် ၄၇ အရွယ် ဦးမြတ်မိုး (ခ) ဦးဖိုးကြီး၊ အသက် ၄၆ နှစ်အရွယ် ဦးကျော်မျိုးဝင်း၊ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ဦးမျိုးမင်းထက်တို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးကမူ ဦးဖိုးထော်ဆိုသူလည်း စစ်ကြောရေးတွင် သေဆုံးသွားပြီး သေဆုံးသူ လေးဦးဖြစ်သည်ဟု ဆိုသည်။

ဉီးကျော်မျိုးဝင်းမှာ စစ်ကြောရေးတွင် လက်သဲ၊ ခြေသည်းများအားလုံးကို ခွာကာ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်ဟု တိမ်းရှောင်နေရသည့် ရွာသားတစ်ဦးက ပြောသည်။

ဦးကျော်မျိုးဝင်း

“သေဆုံးတဲ့သူ သုံးယောက်ထဲမှာ ကျွန်တော့်ညီ နှစ်ယောက်ပါပါတယ်။ ကျွန်တော့်ညီတစ်ယောက်ဆိုရင် မသေခင် လက်သည်းခွံတွေကို အခွာခံရတယ်။ အဲ့လောက်အထိ နှိပ်စက်ခံရပြီးမှ အသက်သေသွားတာဗျ။ ယူကြုံးမရဖြစ်ရပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များက နွားထိုးကြီးမြို့မှ ၁၅ မိုင်ခန့်အကွာရှိ လက်ပန်စံပြကျေးရွာကို ဇန်နဝါရီလ ၁၈ ရက်၊ မနက်အစောပိုင်း ၁ နာရီဝန်းကျင်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ရွာသား ၁၃ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များက အမျိုးသမီး လေးဦး၊ အမျိုးသား ကိုးဦး စုစုပေါင်း ၁၃ ဦးကို နာမည်စာရင်းအတိအကျဖြင့် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင် မွှေနှောက်ဖျက်စီးကာ ငွေကြေး၊ ဖုန်းနှင့် ပစ္စည်းများကိုလည်း သိမ်းယူသွားကြောင်း သိရသည်။

“ဘာအကြောင်းကြောင့် ဖမ်းတယ်ဆိုတာလည်း သူတို့ ပြောမသွားပါဘူး။ အိပ်ချိန်မှာ ဝင်စီးသွားတာ။ စစ်ကားတွေရော၊ အိမ်စီးကားတွေရော ပါတယ်။ အိမ်တွေ အိမ်တွေမှာ ဝင်လိုက်ရင် စစ်သားက အပြည့်ပဲလို့ သိရပါတယ်။ အဲ့ဒီကားတွေက ကျွန်တော်တို့ ရွာတောင်ဘက်မှာ တပ်ချထားတာက ပူးပေါင်းပြီးလာတယ်လို့ သိရတယ်။ ဒလန်သတင်းပေးလို့ စာရင်းအတိအကျနဲ့ လာဖမ်းတာ။ ၁၇ ယောက်ကျန်သေးတယ်ဆိုပြီး သူတို့ ပြောသွားပါတယ်”ဟု ဒေသခံက ပြောသည်။

စစ်အာဏာသိမ်းပြီးချိန်မှ ဇန်နဝါရီလ ၉ ရက်အထိ စစ်ကြောရေးတွင် သေဆုံးသူ ၈၉ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ကောက်ယူရရှိသော စာရင်းအရ သိရပြီး အမှန်တကယ်အရေအတွက်မှာ ပိုများနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly