အိန္ဒိယ မီဇိုရမ်ပြည်နယ်သို့ သွားရောက် ခိုလှုံသည့် ချင်းစစ်ဘေးရှောင်များ အကူညီများစွာလိုနေ

အိန္ဒိယ မီဇိုရမ်ပြည်နယ်သို့ သွားရောက် ခိုလှုံသည့် ချင်းစစ်ဘေးရှောင်များ အကူညီများစွာလိုနေ

ဇန်နဝါရီ ၁၉

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ခြေလျင်ခရီးဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက် ခိုလှုံကြရသော စစ်ဘေးရှောင်ကြရသူများ အခက်ခဲများစွာ ဖြစ်နေသည်။

မတူပီ နယ်ထဲမှ မီဇိုရမ် ပြည်နယ်သို့ ရောက်ရှိရန် ငွေကြေးတတ်နိုင်သူများက ဆိုင်ကယ် ငှားရမ်း အသုံးပြု နိုင်သော်လည်း အများစုမှာ ခြောက်ရက်နီးပါး ခြေလျင်ခရီး ဖြတ်သန်း နေရသည်။

လမ်းခရီးတွင် စားရန် ဆန်၊ တာရှည်ခံ အစားအစာများနှင့်အတူ အိုးခွက်များပါ သယ်လာခဲ့ကြပြီး အချို့သည် ကြက်အရှင်များကိုပါ သယ်ဆောင်လာကြသည်ဟု မတူပီမြို့နယ်မှ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောသည်။

"လမ်းမှာလည်း အသက်ကြီးတဲ့ သူတွေလည်း အများကြီး ပါလာကြတယ်။ ဆိုင်ကယ်တက္ကစီ ဌားရင်လည်း လေးသိန်းခွဲလောက် ပေးရတယ်။ မပေးနိုင်တော့ ခြေကျင်နဲ့ လမ်းလျှောက် ကြရတာပေါ့ ''ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မတူပီမြို့နယ်အတွင်းရှိ ကစဲ၊ သီဘော်၊ ငလိုင်၊ ခွာငန်း၊ ကီလှုန်း အပါအဝင် ရွာ ခုနှစ်ရွာ နီးပါး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး ရွာပေါင်း ၃၀ ကျော်မှ စစ်ဘေးရှောင် ဦးရေ ၄၀၀၀ နီးပါး ရှိနေသည် ဟုလည်း ဒေသခံ စစ်ဘေးရှောင်များထံက သိရသည်။

အချို့ ကျေးရွာများသည် ရွာလုံးကျွတ် ထွက်ပြေးကြရပြီး တိမ်းရှောင်မှု မပြုခင် နေအိမ်များရှိမွေးမြူထားသော ကြက်၊ ဝက်များ၊ ဆိုလာပြားများနှင့် ဘထ္ထရီ ကဲ့သို့သော ပစ္စည်းများကို တိမ်းရှောင်ခြင်း မပြုသည့် ဘာသာရေး ဆရာများထံ ရသလောက် စျေးဖြင့် ရောင်းချကြသည်။

“အခုထိ မတူပီထဲကနေ အစုလိုက် အပြုံလိုက် လာနေကြတုန်းပဲ။ ကျွန်တော်တို့လည်း မနေ့ကမှ မီဇိုရမ်ပြည်နယ်ထဲက လောင်းတိုင်မြို့ကို ရောက်လာကြတာ။ ဒီမှာ အရမ်းခက်ခဲ နေကြရတယ်။ အိမ်ဌားနေဖို့ အတွက်လည်း အခန်းတွေက မရှိတော့ဘူး။ ကြက်ခြံသာသာ ရှိတဲ့ အခန်းတစ်ခုကို ရူပီ ၂၀၀၀ ပေးရတယ်။ မြန်မာငွေ ခြောက်သောင်းနီးပါးပေါ့။ ဒါတောင် ဌားဖို့နေရာ မရှိဘူး။ ကိုဗစ်ကလည်း ဒီမှာ ပြန်ထနေတော့ တော်တော်လေး ဒုက္ခရောက်ရတယ်” ဟု မီဇိုရမ်ရောက် စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

ယခင်က စစ်ဆေးရေး ဂိတ်များ မရှိသည့် အိန္ဒိယနယ်စပ်တွင် ယခုရက်ပိုင်းတွင် နယ်စပ်ဂိတ်များ၌ အိန္ဒိယစစ်တပ်က စောင့်ကြည့် စစ်ဆေးခြင်းများလည်း ရှိနေသည်။

“အဲဒီမှာ စောင့်နေတဲ့ စစ်တပ်က အသေးစိတ် စာရင်းကောက်တယ်။ အသက်အရွယ် ကျားမ ဘယ်မှာ နေမှာလဲ၊ အစရှိတာတွေ မေးတယ်။ ကျန်တာတော့ ဘာမှ မလုပ်ကြပါဘူး" ဟု တိမ်းရှောင်လာသူ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required