ထီးချိုင့်မြို့နယ်တွင်း တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်သား ၇ ဦး ကျဆုံး

ထီးချိုင့်မြို့နယ်တွင်း တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်သား ၇ ဦး ကျဆုံး

ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ထီးချိုင့်မြို့နယ်ရှိ ကျွန်းပင်သာကျေးရွာ အနီး အကြမ်းဖက် စစ်ကောင်စီ နှင့် ဖြစ်ပွားသော တိုက်ပွဲ၌ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ထီးဖြူတပ်ဖွဲ့) သူရဲကောင်း ရဲဘော် ၇ ဦး ကျဆုံးခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်များ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကြောင်း ချီနေစဉ် အဆိုပါ ကျေးရွာအနီး၌ ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီ တပ်သားများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ တပ်စိတ်သုံးစိတ် သွားတိုက်တာပါ။ စုစုပေါင်း ခုနှစ်ယောက် ကျတယ်။ ရဲဘော် တစ်ယောက်ရဲ့ အလောင်းကို အဲဒီနေ့ တိုက်ပွဲမှာ ပြန်ထုတ် နိုင်ခဲ့တယ်။ ပြေးရင်း လွှားရင်းနဲ့ လူလည်း ကွဲသွားကြတာ။ နောက်ရက်တွေမှာ ကျဆုံး ရဲဘော်တွေကို ပြန်တွေ့တာပါ။ အကုန် လူပျိုတွေပါ။ အသက်တွေက ၁၈ နှစ် နှစ်ယောက် ၊ ၂၁ ၊ ၂၂ ၊ ၂၃ အဲဒီ ပတ်ချာလည် တွေပါ။ တောထဲမှာပဲ သဂြိုလ်ခဲ့ပါတယ် ” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ထီးဖြူတပ်ဖွဲ့) အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ သူတို့က ကင်းပုန်း ဝတ်နေကြတာ။ သူတို့ နေရာကို ဖြတ်သွားသလို ဖြစ်တာပါ။ အကုန်လုံးက ရှေ့တန်းမှာ တိုက်ပွဲဖြစ်ရင်းနဲ့ ကျဆုံးတာပါ။ ရဲဘော် စိုင်းအောင်က ဦးနှောက်တခြမ်း မရှိတော့ဘူး။ ပေါင်တွေ၊ လက်တွေကို ဓားတွေနဲ့ လှီးထားကြတယ်။ ရဲဘော် နိုင်နှောင်းထက်က ပေါင်မှာ ကျဉ်ဆံဒဏ်ရာ ရခဲ့တာပဲ ရှိတာ။ နေချင်းသူ့ကို ပြန်ကယ်နိုင်ခဲ့ပေမယ့် သွေးထွက်လွန်ရင်းနဲ့ ကျဆုံး ခဲ့တာပါ” ဟုလည်း ရဲဘောက်များ အသတ်ခံခဲ့ရသည့် ဖြစ်စဉ်ကို ထီးဖြူတပ်ဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ကျဆုံးခဲ့သည့် ရဲဘောက်များ၏ အလောင်းများကို အရိုးတောင် အနီးတဝိုက်တွင် ပြန်လည် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အင်အား ၈၀ ဝန်းကျင်ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ထီးချိုင့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်(ထီးဖြူတပ်ဖွဲ့) ၏ တပ်စခန်း နေရာသို့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထွက်လာခဲ့ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၃ ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်က မရသိမ်ကျေးရွာ အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ် ထီးဖြူ တပ်ဖွဲ့ စခန်းကို တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ပြီး လက်နက်ကြီး များဖြင့် ပစ်ခဲ့သောကြောင့် စခန်းကို စွန့်ခွာ ခဲ့ရသည်။

ယင်းကဲ့သို့ စခန်း စွန့်ခွာ ခဲ့ရသော်လည်း လုံးဝ သွေးမအေးကြောင်းနှင့် လက်နက်အင်အား မမျှတ ခြင်းကြောင့် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးဖြူ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ ၎င်းတို့ အဖွဲ့သည် ဖွဲ့စည်းချိန်မှ စတင်ပြီး စစ်ကောင်စီတပ်သား ရာချီနီးပါးကို သတ်နိုင်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly