ယူကရိန်းကို ရုရှက ‘အချိန်မရွေး’ တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် ယူဆထား 

ယူကရိန်းကို ရုရှက ‘အချိန်မရွေး’ တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် ယူဆထား 
Photo - AFP

ဇန်နဝါရီ ၁၉

ရုရှနိုင်ငံဟာ ယူကရိန်းကို ‘အချိန်မရွေး’ တိုက်ခိုက်ဖို့ အသင့်ရှိနေတယ်လို့ အိမ်ဖြူတော်က အင်္ဂါနေ့မှာ ပြောလာပြီး အမေရိကန်နဲ့ ရုရှ ထိပ်တန်းသံတမန်ကြား အစည်းအဝေး မတိုင်ခင် ခြိမ်းခြောက်မှု အကဲဖြတ်ချက်ကို မြှင့်တင်ပြောဆိုလိုက်ပါတယ်။ 

“ယူကရိန်းနိုင်ငံအပေါ် တိုက်ခိုက်တာကို ရုရှက အချိန်မရွေး လုပ်ဆောင်လာနိုင်တာကို ကျွန်မတို့အနေနဲ့ ခုနေခါ ခေါင်းထဲ ထည့်ထားပါတယ်”လို့ ပြန်ကြားရေးအတွင်းဝန် ယန်းဆာကီက သတင်းထောက်တွေကို ပြောပါတယ်။ “ကျွန်မတို့ သိထားတာထက် ပိုတဲ့ အရာတွေ ရှိနေတယ်လို့ ကျွန်မ ပြောလိုပါတယ်”လို့ သူက ဆိုပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်ဟာ ဂျီနီဗာမှာ ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ရော့ဗ်နဲ့ သောကြာနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားချိန်မှာ ယူကရိန်းပတ်လည်က အခြေအနေပတ်သက်လို့ ယန်းဆာကေးက ပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။ 

ဘလင့်ကင်အနေနဲ့ သံတမန်ရေး အားထုတ်မှု အောင်မြင်ခဲ့ရင် ယူကရိန်းနယ်စပ်က တပ်တွေကို ရုရှ ပြန်ရုပ်သိမ်းတာကို နားချနိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ အမည်မဖော်တဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

နယ်စပ်မှာ ရုရှက စစ်တပ်တပ်စွဲတာနဲ့ ပတ်သက်လို့ ယူကရိန်း၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအတွက် စိုးရိမ်ပူပန်မှု မြင့်တက်နေတာပဲ ဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို ရုရှက အထပ်ထပ် ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်။ 

ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ထားပြီး ရုရှလိုလားတဲ့ ယူကရိန်း ခွဲထွက်ရေးသမားတွေကိုလည်း ကျောထောက်နောက်ခံပြုပေးနေရာက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ဖို့ သမ္မတ ဗလာဒီမာပူတင်အနေနဲ့ ဆုံးဖြတ်ခဲ့တယ်ဆိုရင်တော့ “ပြင်းထန်တဲ့ စီးပွားရေး အကျိုးဆက်တွေ”ကို ချမှတ်ဖော်ဆောင်ရလိမ့်မယ်လို့ ယန်းဆာကေးက ပြောပါတယ်။ 

“ရွေးချယ်စရာ မရှိဘူး၊ အလွန်အမင်း အန္တရာယ်များတဲ့ အခြေအနေပဲ”လို့ သူက ဆိုပါတယ်။ 

ဒီ အကျပ်အတည်း ပဋိပက္ခကို သမ္မတ ပူတင်က ဖန်တီးနေတယ်လို့လည်း သူက ရုရှခေါင်းဆောင်ကို အပြစ်ဆိုပါတယ်။ 

“သံတမန်ရေး လမ်းကြောင်းတော့ ရှိနေတယ်၊ ကျွန်မတို့အနေနဲ့ ဒီ လမ်းကြောင်းအတိုင်း သွားနိုင်ဖို့ မျှော်လင့်ပါတယ်၊ အခြား လမ်းကြောင်းကလည်း ရှိထားရာမှာ ရုရှက သံတမန်ရေး လမ်းကြောင်းကို မရွေးဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာမှာပဲ”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly