မြန်မာစစ်ဘေးရှောင်များအား အတင်းအကျပ် နေရပ်ပြန်ခိုင်းခြင်းမပြုဟု ထိုင်းဝန်ကြီးချုပ် ပြော 

မြန်မာစစ်ဘေးရှောင်များအား အတင်းအကျပ် နေရပ်ပြန်ခိုင်းခြင်းမပြုဟု ထိုင်းဝန်ကြီးချုပ် ပြော 

ဇန်နဝါရီ ၁၈

မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများမှ ထွက်ပြေးလာကြသော ဒုက္ခသည်များကို ထိုင်းနိုင်ငံအနေဖြင့် အတင်းအကျပ် နေရပ်ပြန်ခိုင်းလိမ့်မည်မဟုတ်ဟု ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက တနင်္လာနေ့တွင် ပြောသည်။ 

အဆိုပါ စစ်ဘေးရှောင်များအနေဖြင့် ကိုယ့်သဘောဆန္ဒအရသာ ၎င်းတို့၏ နိုင်ငံရင်းဆီ ပြန်ကြနိုင်လိမ့်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာအား ပြောခဲ့ကြောင်း အစိုးရ ပြောခွင့်ရသူ သာနက်ခွန်က ဆိုသည်။ 

ထိုင်းနိုင်ငံက အဖွဲ့အစည်း အသင်းအပင်း အားလုံးအနေဖြင့် မြန်မာဒုက္ခသည်များကို အခြေခံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်မည်လည်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသည် နယ်စပ်တစ်လျှောက် ဘေးကင်းလုံခြုံသော နေရာများ အထူးသဖြင့် တက်ခ်ပြည်နယ် သောင်းရင်းမြစ်တစ်လျှောက် ခိုလှုံနေထိုင်လျက် ရှိနေသည်။ ပြီးခဲ့သည့်လ၌ ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် KNU တို့ကြား ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။ 

ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေအား ဖြေရှင်းနိုင်ရန် နိုလင်းဟေဇာသည် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ ထောက်ပံ့ကူညီမှု ရရှိရေး ကြိုးစားနေခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့က နိုလင်းဟေဇာသည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် အွန်လိုင်းမှ ဆွေးနွေးခဲ့သကဲ့သို့ သောကြာနေ့၌လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။ ယခုနှစ်၌ ကမ္ဘောဒီးယားသည် အာဆီယံ၏ ဥက္ကဋ္ဌဖြစ်သည်။ 

မြန်မာနိုင်ငံ၏ အခြေအနေအား ကုလသမဂ္ဂ အထူးသံတမန်က စိုးရိမ်ကြောင်း ပြောပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ကမူ မြန်မာ့ခေါင်းဆောင်များနှင့် ယုံကြည်မှု တည်ဆောက်ခြင်းသည် ပဋိပက္ခ အဆုံးသတ်ရေးအတွက် လမ်းကြောင်းဖော်ဆောင်ရေး အရေးကြီးသော ခြေလှမ်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ပြောခွင့်ရသူအရ သိရသည်။ 

စင်ကာပူနိုင်ငံမှ ဖြစ်သော နိုလင်းဟေဇာကို အောက်တိုဘာလအတွင်း၌ မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင်ကို ဦးဆောင်သည့် ပထမဆုံးအမျိုးသမီးအဖြစ် ၂၀၁၄ အထိ ခုနစ်နှစ်တာ လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly