ဖွဲ့စည်းပုံ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၄ ခု လာမည့်လွှတ်တော်တွင် ဆက်ဆွေးနွေးမည်

ဖွဲ့စည်းပုံ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၄ ခု လာမည့်လွှတ်တော်တွင် ဆက်ဆွေးနွေးမည်
(ဓာတ်ပုံ-နေသာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၁ ။ ။ ဝန်ကြီးဌာန သုံးခုမှ တင်သွင်းခဲ့သည့် ဥပဒေကြမ်း ရှစ်ခု နှင့် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ကာ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ရန် အတည်ပြုခဲ့သည် ဥပဒေကြမ်း ခြောက်ခု စုစုပေါင်း ဥပဒေကြမ်း ၁၄ ခုကို လာမည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆက်နွေးဆောင်ရွက်ရမည် ဖြစ်သည်။

ယနေ့(ဇန်နဝါရီ ၁၁ရက်တွင်) ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ယင်းဥပဒေကြမ်း ၁၄ ခု နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်းကော်မတီက တင်သွင်းခဲ့သည့် အစီရင်ခံစာပါ သဘောထားမှတ်ချက်အတိုင်း ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ကာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ရန် အတည်ပြုခဲ့သည်။ 

“လွှတ်တော်သက်တမ်းဟာ ၂၉ ရက်နေ့လောက်ဆိုရင် ဒါပြီးသွားပြီပေါ့နော်။ အဓိက အကြောင်းအရင်းကတော့ လွှတ်တော်သက်တမ်းဟာ ရက်ပိုင်းပဲလိုတော့တယ်။ ရက်ပိုင်းပဲလိုတော့မယ်ဆိုတဲ့ခါကျတော့ ပြည်သူ့လွှတ်တော်မှာတင် သောင်တင်နေမယ့်အစား ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားလိုက်မယ်ဆိုရင် နောင် တက်လာမယ့် ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ မိမိနှစ်သက်တဲ့ ပြည်သူ့လွှတ်တော်ပဲဖြစ်ဖြစ် အမျိုးသားလွှတ်တော်ပဲဖြစ်ဖြစ် ပြန်ပြီးတော့ စိစစ်ခိုင်းလို့ရရှိနိုင်အောင်လို့ လုပ်ခဲ့ခြင်းဖြစ်ပါတယ် ” ဥပဒေကြမ်းကော်မတီ၏ အတွင်းရေးမှူး အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းဦးကပြောသည်။

နောင်လာမည့် လွှတ်တော်တွင် ဆွေးနွေးရန် ကျန်ရှိသည့် ဥပဒေကြမ်းများသည် နျူးကလီးယားဘေးအန္တရယ်ကင်းရှင်းရေး ဥပဒေကြမ်း၊ ဖွဲ့စည်းပုံအခြခံဥပဒေကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း ၊ မြေသိမ်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ သံအမတ်ကြီးများဆိုင်ရာ ဥပဒေကြမ်း၊ မူပိုင်ခွင့်ဥပဒေကြမ်း၊ အကျဉ်းထောင်များ ဥပဒေကြမ်း၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လက်နက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၄ ခုကို 
ဆက်လက်ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်သည်။

ဥပဒေကြမ်း ရှစ်ခုကို ပြည်ထဲရေးဝန်ကြီးဌာန၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ရေးဆွဲတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ပေးပို့ခဲ့သည့် ဥပဒေကြမ်းခြောက်ခုကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ဖြင့် မှတ်တမ်းတင်ကာ ပြည်ထောင်စုလွှတ်တော်သို့ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော နှင့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ ယင်းလွှတ်တော်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်များက အင်အားအကြီးဆုံး ပါဝင်မည်ဖြစ်သည်။

 

လက်ရှိ ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် အတည်မပြုဘဲ ဒုတိယအကြိမ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရမည့် ဥပဒေကြမ်း ၁၄ ခု

(၁) နျူကလီးယား ဘေးအန္တရယ် ကင်းရှင်းရေး ဥပဒေကြမ်း။ 
(၂) မြေသိမ်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း။ 
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း။ 
(၄) စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်း။ 
(၅) တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်း။
(၆) မူပိုင်ခွင့် ဥပဒေကြမ်း။ 
(၇) ကုန်အမှတ်တံဆိပ် ဥပဒေကြမ်း။ 
(၈) သံအမတ်ကြီးများဆိုင်ရာ ဥပဒေကြမ်း။
(၉) ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ (အက်ဥပဒေအမှတ် ၁၇/၅၀) ကို ပြင်ဆင်သည့် ဥပဒေကြမ်း။ 
(၁၀) မြန်မာနိုင်ငံစာရင်းအင်းဥပဒေကြမ်း။
(၁၁) ပုဂ္ဂလိက ပညာရေးဥပဒေကြမ်း။
(၁၂) အကျဉ်းထောင်များ ဥပဒေကြမ်း။
(၁၃) ၁၉၄၉ ခုနှစ် ၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း။
(၁၄) လက်နက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags