အာဆီယံ ဘုံသဘောတညီချက်များ အကောင်အထည်ဖော်မှု တိုးတက်မှုမရှိသရွေ့ မြန်မာကိုယ်စားလှယ်အဖြစ် ‘နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူ’ ကိုသာ ဖိတ်ရန် စင်ကာပူဝန်ကြီးချုပ်ပြော

အာဆီယံ ဘုံသဘောတညီချက်များ အကောင်အထည်ဖော်မှု တိုးတက်မှုမရှိသရွေ့ မြန်မာကိုယ်စားလှယ်အဖြစ် ‘နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူ’ ကိုသာ ဖိတ်ရန် စင်ကာပူဝန်ကြီးချုပ်ပြော

ဇန်နဝါရီ ၁၅

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် သိသာသည့် တိုးတက်မှု မရှိမချင်း အာဆီယံအစည်းအဝေးများ တက်ရောက်ရန်အတွက် ‘မြန်မာနိုင်ငံမှ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူ’ ကိုသာ ဖိတ်သင့်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောလိုက်သည်။ 

၂၀၂၂ ခုနှစ်အတွက် ကမ္ဘောဒီးယား’၏ အာဆီယံ ဥက္ကဋ္ဌဖြစ်မှု ဦးစားပေးသတ်မှတ်ချက်များနှင့် လုပ်ငန်းစဉ်များကို စင်ကာပူခေါင်းဆောင် လီရှန်လွန်းထံ ဟွန်ဆန်က အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဇန်နဝါရီ ၁၄ ရက်က အကြောင်းကြားရာ၌ ဟွန်ဆန်သည် လီရှန်လွန်းအား ဗီဒီယိုကောမှ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့တွင် ထုတ်ပြန်သည်။ 

“ဝန်ကြီးချုပ် လီဟာ ကမ္ဘောဒီးယားရဲ့ အာဆီယံ ဥက္ကဋ္ဌဖြစ်မှုကို စင်ကာပူအနေနဲ့ ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့တယ်၊ မကြာသေးခင်က မြန်မာခရီးစဉ် သွားရောက်တာကို အကြောင်းကြားတဲ့အတွက် ဝန်ကြီးချုပ် ဟွန်ဆန်ကို ကျေးဇူးတင်ခဲ့တယ်”ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဆိုထားသည်။ 

“အာဆီယံ ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြား ဂျကာတာက အစည်းအဝေးမှာ ရရှိခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ၂၀၂၁ ဧပြီ ၂၄ ရက် စတင်ချမှတ်ချိန်စလို့ အကောင်အထည် ဖော်ရေးမှာ ဘယ်လို တိုးတက်မှုမှ မရှိတာကို ဝန်ကြီးချုပ် လီက မှတ်ချက်ပြု ပြောဆိုခဲ့တယ်”ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

အဆိုပါ ဘုံသဘောတူညီချက် ငါးရပ်မှာ အကြမ်းဖက်မှုများ ရပ်စဲရေး၊ မြန်မာသို့ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့ရေးနှင့် အားလုံးပါဝင်သော ဆွေးနွေးပွဲများ ဖြစ်ထွန်းရေး စသဖြင့် ပါရှိသည်။ 

“ဒီ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည် ဖော်ရာမှာ သိသာတဲ့ တိုးတက်ရိပ်တွေ မရှိမချင်း ၃၈ ကြိမ်နဲ့ ၃၉ ကြိမ် အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ ဆုံးဖြတ်ခဲ့တဲ့ မြန်မာနိုင်ငံက နိုင်ငံရေးနယ်ပယ်က မဟုတ်သူကိုဘဲ အာဆီယံ အစည်းအဝေး ဖိတ်ကြားရေးကို အဖွဲ့အနေနဲ့ ဆက်လက်ကိုင်စွဲထားသင့်တယ်လို့ ဝန်ကြီးချုပ် လီက သူ့အမြင်သဘောထားကို ထုတ်ဖော်ပြသခဲ့ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဆိုထားသည်။ 

“အာဆီယံ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရေး ဘယ်လို ဆွေးနွေးမှုမျိုးမဆိုဟာ အချက်အလက်သစ်တွေပေါ် အခြေခံရလိမ့်မယ်”ဟု ယင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။ 

ဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြင့် လွန်ခဲ့သည့် တစ်နှစ်ခန့်က မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးမှ နောက်ပိုင်း ပထမဆုံး လာရောက်သည့် ပြည်ပခေါင်းဆောင် ဖြစ်ခဲ့သည်။ ထိုခရီးစဉ်တွင် ဟွန်ဆန်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ 

ယခုနှစ်၌ ကမ္ဘောဒီးယားနိုင်ငံသည် အဖွဲ့ဝင် ဆယ်နိုင်ငံပါ ဒေသတွင်းအဖွဲ့ကြီး အာဆီယံ၏ အလှည့်ကျအစီအစဉ်အရ အာဆီယံ ဥက္ကဋ္ဌနိုင်ငံဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required