နိုင်ဂျီးရီးယားမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြိုကျပြီး လူ ၃ ဦး‌ သေဆုံး 

နိုင်ဂျီးရီးယားမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြိုကျပြီး လူ ၃ ဦး‌ သေဆုံး 

ဇန်နဝါရီ ၁၁

နိုင်ဂျီးရီးယား တောင်ပိုင်းမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြိုကျပြီး ကလေးနှစ်ဦးအပါအဝင် လူ သုံးဦး သေဆုံးကာ အခြား ၁၈ ဦးကို ကယ်တင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

ပုံစံမကျတဲ့ အဆောက်အအုံတွေနဲ့ တည်ဆောက်ရေး စံချိန်စံညွှန်း လိုက်နာမှု နည်းပါးတဲ့ အာဖရိကရဲ့ လူအထူထပ်ဆုံး နိုင်ဂျီးရီးယားမှာ အဆောက်အအုံ ပြိုကျမှုတွေ အဖြစ်များလေ့ ရှိပါတယ်။ 

ဒဲလ်တာစတိတ် ပြည်နယ်ရဲ့ အက်စဘာမြို့ ဆင်ခြေဖုံးရပ်မှာ အင်္ဂါနေ့ ညနေပိုင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြိုကျမှုဖြစ်တာလို့ ဌာနေရဲတပ်ဖွဲ့ ပြောခွင့်ရသူ ဘရိုက်အီဒါဖီက ဆိုပါတယ်။ 

ကယ်ဆယ်ခဲ့ရသူတွေမှာ ၁၁ ဦးကို ဆေးရုံမှာ ကုသပေးနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။ 

ညနေပိုင်း ဝတ်ပြုဆုတောင်းမှု ပြုချိန်မှာ အခု ဘုရားရှိခိုးကျောင်း ပြိုကျတာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ 

နိုဝင်ဘာလအတွင်းက လာဂို့စ်မြို့မှာ တည်ဆောက်ဆဲ အထပ်မြင့်အဆောက်အအုံ ပြိုကျပြီး လူပေါင်း အနည်းဆုံး ၄၅ ဦး သေဆုံးခဲ့ချိန်ကစလို့ အဆောက်အအုံ စံချိန်စံညွှန်းနဲ့ ပတ်သက်ပြီး မီးမောင်းထိုးပြောဆိုလာကြတာလည်း ဖြစ်ပါတယ်။ 

လုပ်ငန်းကျွမ်းကျင်မှု နည်းပါးတာ၊ အရည်အသွေးနိမ့် ကုန်ကြမ်းတွေ အသုံးပြုတာနဲ့ စစ်ဆေးတဲ့ တာဝန်ရှိသူတွေက အကျင့်ပျက်ခြစားပြီး ခွင့်ပြုမိန့်ပေးတာတွေကြောင့် နိုင်ငံမှာ အဆောက်အအုံ ပြိုကျမှုဘေးတွေ ဖြစ်ရလေ့ရှိတာပါ။ 

၂၀၀၅ ခုနှစ်ကစလို့ လူဦးရေ သန်း ၂၀ ရှိရာ လာဂို့စ်မြို့မှာ အဆောက်အအုံပေါင်း ၁၅၂ လုံး ပြိုကျမှု ဖြစ်ခဲ့တယ်လို့ တောင်အာဖရိက တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပါတယ်။ 

ဒီလို ပြိုကျမှုတွေမှာ လူ ဒါဇင်များစွာ သေဆုံးခဲ့ရတဲ့ ၂၀၁၄ ခုနှစ်အတွင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြိုကျမှုကြောင့် နိုင်ငံတစ်လွှား စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly