ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာ ၃ ခုကို စစ်ကောင်စီက လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာ ၃ ခုကို စစ်ကောင်စီက လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်
Photos- KNU

ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ (၅) နယ်မြေရှိ ဒွယ်လိုးမြို့နယ်အတွင်း ကျေးရွာ သုံးရွာကို အာဏာသိမ်း စစ်ကောင်စီက လေယာဉ် သုံးစီးဖြင့် ယနေ့ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်သည်။

ဒွယ်လိုးမြို့နယ် လယ်ထူဖိုး၊ ဝါးခါဒဲနှင့် ထွီသီးအူကျေးရွာများ အနီးသို့ အာဏာသိမ်းစစ်တပ်က လေယာဉ် သုံးစီးဖြင့် ဗုံးငါးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ လယ်ထူဖိုးတွင် နှစ်လုံးနှင့် ထွီသီးအူကျေးရွာတွင် ဗုံးသုံးလုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း KNU က ပြောဆိုသည်။

“လူထိခိုက်တာတော့ မကြားရပါဘူး။ အဆောက်အအုံတစ်ခု ပျက်စီးသွားတယ်လို့ သိရတယ်” ဟု KNLA တပ်မဟာ (၅) နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လယ်ထူဖိုး ဆေးပေးခန်းနှင့် ဝါးခါဒဲဆေးပေးခန်းများ ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း KNU က ပြောသည်။

ဒွယ်လိုးမြို့နယ်၊ မယ်သုကျေးရွာအုပ်စုရှိ လယ်ထူဖိုးဒေသကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ နံနက် ၁ နာရီကျော်ခန့် အချိန်တွင်လည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့ ခြင်းကြောင့် ဆေးပေးခန်းနှင့် စာသင်ကျောင်း ဘော်ဒါဆောင် ခြောက်လုံး ပျက်စီးခဲ့သေးသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး KNLA တပ်မဟာ (၅)၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၆) ဒေသများတွင် တိုက်ပွဲပြင်းထန်နေသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသော KNU တပ်မဟာ (၆) နယ်မြေ၊ ငြိမ်းချမ်းရေး မြို့တော် လေးကေ့ကော်မြို့သစ်ကို အာဏာသိမ်း စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ သုံးရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly