မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မည်ဟု အိန္ဒိယ ပြော

မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မည်ဟု အိန္ဒိယ ပြော

ဇန်နဝါရီ ၁၂

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်မည် ဖြစ်ကြောင်း အိန္ဒိယက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ် ဆော့ခွန်း နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာတို့ ဇန်နဝါရီ ၁၀ ရက်က တယ်လီဖုန်းဆက် ဆွေးနွေးစဉ် အိန္ဒိယက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖုန်းခေါ်ဆိုဆွေးနွေးစဉ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်းက ပြီးခဲ့သည့်အပတ်က မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ သွားရောက်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်ရလဒ်များကို ဂျိုင်ရှန်ကာအား ပြန်လည်ပြောပြခဲ့သည်ဟု သိရသည်။

"မြန်မာရဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို နီးကပ်စွာ စောင့်ကြည့်နေတာဖြစ်တယ်၊  နောက်ပြီး ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေတဲ့ ကမ္ဘောဒီးယားရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကိုလည်း အိန္ဒိယက တန်ဖိုးထားတယ်လို့ ဆိုပါတယ်၊ ကျွန်တော့်အနေနဲ့ ဒီဖုန်းခေါ်ဆိုမှုမှာ ပြီးခဲ့တဲ့အပတ်က ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ကနေ အားတက်ဖွယ် ရလဒ်တွေနဲ့ပတ်သက်လို့ သူ့ကို အကျဉ်းရုံး ပြန်ပြောပြနိုင်ခဲ့ပါတယ်" ဟု ဆော့ခွန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းခေါ်ဆိုမှုအပြီး ဖေ့ဘွတ်ခ်တွင် ရေးခဲ့သည်။

တချိန်တည်းမှာပင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်းသည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့စဉ် အိန္ဒိယ-အာဆီယံ ဆက်ဆံရေး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံရေးအခြေအနေတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းနှင့်၊ မြန်မာ့အရေးနှင့်ပတ်သက်ပြီး မိမိအနေဖြင့် အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တွစ်တာတွင် ရေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required