ရေဦးမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ 

ရေဦးမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ 

ဇန်နဝါရီလ ၁၁ ရက်

ရေဦးမြို့မှ ဒီပဲယင်းမြို့သို့  ဦးတည်သွားနေသည့် စစ်ကြောင်းကို ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်  ၇ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် အာဏာရှင် တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) အဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

အင်အား ၁၀၀ ခန့် ပါရှိသည့် အဆိုပါ စစ်ကြောင်းသည် ရေဦးမြို့နယ် ကြောင်မန်းတော ကျေးရွာရှိ အောင်သပြေ ဘုန်းကြီးကျောင်း၌ တပ်စွဲထားရာမှ ထွက်ခွာလာခြင်း ဖြစ်သည်။ 

"သူတို့တပ်ဆွဲထားတဲ့ ဘုန်းကြီးကျောင်းက ထွက်လာတဲ့ အချိန်မှာ မိုင်းဆွဲလိုက်တာ။ ထိတာတော့ တော်တော်များများထိတယ်။ အောင်သပြေကျောင်းက အထွက်မှာ မိုင်းခွဲခံရပြီး အဲ့ဒီနားတော့ သူတို့ဘာမှမလုပ်ဘူး။ အဲ့ဒီကနေဒီပဲယင်းထဲ တပ်ဆုတ်သွားတယ်“ ဟု DRPA  အဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

မိုင်းခွဲမှုကြောင့် ဒဏ်ရာရရှိသွားသော စစ်သား အယောက် ၃၀ ခန့်ကို ဒီပဲယင်း မရောက်ခင် မူးအနီးတွင် လူနာတင်ကားဖြင့် တင်ဆောင်သွားကြကြောင်း မြေပြင်သတင်းအရ နောက်ဆက်တွဲ ထပ်မံသိရှိရသည်။ 

ယင်းလုပ်ဆောင်မှုကို  DRPA၊ ဗိုလ်မုတ်ဆိတ် ဦးဆောင်‌သောအဖွဲ့၊ ဒီပဲယင်း ပကဖ အဖွဲ့နှင့် အခြားအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required