မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

ဇန်နဝါရီ ၁၁

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ်ပြစ်ဒဏ် ထပ်မံချမှတ်ခဲ့ပြီးနောက်တွင် သူမကို ချက်ချင်း ပြန်လွှတ်ပေးရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအာဏာသိမ်းစစ်တပ်က မတရားသဖြင့် ထောင်ဒဏ်တွေ ချမှတ်တာက တရားစီရင်မှုနဲ့ တရားဥပဒေစိုးမိုးမှုအပေါ် စော်ကားမှုတစ်ခု ဖြစ်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ဘက်က အာဏာသိမ်းစစ်တပ်ကို တောင်းဆိုတယ်၊ နောက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းဆီ မူလအတိုင်း ပြန်သွားဖို့ကိုလည်း တောင်းဆိုတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ပြောသည်။

အစောပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တရားရုံးက ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခဲ့ပြီး မြန်မာ အာဏာသိမ်းစစ်အုပ်စုသည် တရားရုံးကြားနာစစ်ဆေးမှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ပိတ်ပင်ကန့်သတ်ရန်လည်း ကြိုးပမ်းထားခဲ့သည်။

ယမန်နှစ် ဒီဇင်ဘာ ၇ ရက်ကလည်း နေပြည်တော် ဇဗ္ဗူသီရိ တရားရုံးတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် ဥပဒေ ပုဒ်မနှင့် ထောင်ဒဏ် ၂ နှစ်၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချခဲ့သေးသည်။

ယမန်နှစ် ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း အမေရိကန်သည် မြန်မာအာဏာသိမ်းစစ်တပ်နှင့် ယင်း၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားခဲ့သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ထပ်မံ ချမှတ်မှုနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Amnesty International ကလည်း ပြစ်တင်သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်မံချမှတ်မှုက "အရပ်သားခေါင်းဆောင်အပေါ် အဓိပ္ပါယ်မဲ့သော တရားရုံးစစ်ဆေးမှု၏ နောက်ထပ် လုပ်ဆောင်ချက်" တစ်ခုဖြစ်သည်ဟု ယင်းက ပြောခဲ့သည်။

အလားတူ နော်ဝေ နိုဘယ်လ်ဆု ကော်မတီ ဥက္ကဋ္ဌ ဘာရစ် ရိုင်စ် အန်ဒါဆန်ကလည်း "ဒေါ်အောင်ဆန်းစုကြည်အပေါ် အခု နောက်ထပ်ထောင်ဒဏ်ချမှတ်မှုဟာ နိုင်ငံရေးအရ အရင်းခံတဲ့ စီရင်ချက်တစ်ခုဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် ဦးဆောင်ရပ်တည်ကာကွယ်သူအဖြစ် ဆက်ရှိနေပါတယ်" ဟု ပြောခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်အပေါ် အတုအယောင် စွဲချက်တွေနဲ့ တရားရုံး စစ်ဆေးစီရင်မှုတွေကို ကြည့်မယ်ဆိုရင် အာဏာသိမ်းစစ်အုပ်စုဘက်က သူမကို အကန့်အသတ်မရှိ အကျဉ်းကျနေစေဖို့အထိ ပြစ်ဒဏ်တွေ တဖြည်းဖြည်းချင်း စုပုံချမှတ်သွားဖို့ ကြိုးစားနေတာဖြစ်ပါတယ်" ဟု HRW ၏ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required