စိုက်ဘဏ်ချေးငွေ ပြန်မဆပ်ပါက ပုံစံ (၇) သိမ်းမည်ဟု လယ်သမားများကို ခြိမ်းခြောက်

စိုက်ဘဏ်ချေးငွေ ပြန်မဆပ်ပါက ပုံစံ (၇) သိမ်းမည်ဟု လယ်သမားများကို ခြိမ်းခြောက်

ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်း အတွင်းရှိ လယ်သမားများ စိုက်ပျိုးရေးဘဏ် ချေးငွေ ပြန်မဆပ်ပါက မြေယာလုပ်ပိုင်ခွင့် ပုံစံ (၇) သိမ်းမည်ဟု စိုက်ဘဏ် မန်နေဂျာများ၏ စေခိုင်းချက်အရ ရပ်ကျေး အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်နေကြောင်း ဒေသခံများထံက သိရသည်။

လယ်သမားများ စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ယူစဉ်က မြေပိုင်ဆိုင်မှု အထောက်အထား ဖြစ်သည့် ပုံစံ (၇) ကို ဘဏ်တွင်အပ်နှံခဲ့ရပြီး ယခုချေးငွေများ ပြန်မဆပ်ပါက ပုံစံ (၇) အပြီးသိမ်းဆည်းပြီး လယ်ယာမြေ လုပ်ပိုင်ခွင့် ရုတ်သိမ်းမည်ဟု ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်း ပုသိမ်ခရိုင် အတွင်းရှိ လယ်သမားတစ်ဦးက ပြောသည်။

"ချေးငွေတွေ ပြန်ဆပ်ရမယ်ဆိုတဲ့ အချိန်မှာ ကိုဗစ်ရောဂါက ဖြစ်နေတော့ ပြန်မဆပ်နိုင်ခဲ့ဘူး။ နောက်တစ်ခါ ထပ်ပြီးတော့ အာဏာသိမ်းတာတွေ ဖြစ်လာတော့ ငွေကြေးက တော်တော် အဆင်မပြေ တော့တာပါ၊ ဆပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး၊ NUG အစိုးရကလည်း ဒီငွေတွေကို ဆပ်စရာ မလိုသေးဘူးလို့ ကြေညာထားတဲ့အတွက် ကျွန်မတို့ကတော့ စစ်အုပ်စုလက်ထဲကို ငွေထည့်ပေးရမယ့် အလုပ်မျိုး မလုပ်ဘူး" ဟု ၎င်းကဆိုသည်။

အဆိုပါ ချေးငွေများကို စိုက်ပျိုးရေးဘဏ်များမှ တစ်နှစ် နှစ်ကြိမ် ထုတ်ချေးပေးလေ့ရှိပြီး တစ်ဧက တစ်သိန်းခွဲ ကျပ်နှုန်းဖြင့် ၁၀ ဧကအထိ ထုတ်ချေးပေးခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခံထားရသော တိုင်းဖြစ်ပြီး ယခုကဲ့သို့ မြေပိုင်ဆိုင်မှု အထောက်အထားပုံစံ (၇) သိမ်းယူကာ လယ်ယာမြေ လုပ်ပိုင်ခွင့် ရုတ်သိမ်းမည်ဆိုပါက လယ်သမား အများအပြား ဒုက္ခရောက်နိုင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက သုံးသပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly