မြိတ်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီက ညအချိန် အင်အားသုံး ဖမ်းဆီး

By ကိုရွှေမြိတ်
10 January 2022
မြိတ်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီက ညအချိန် အင်အားသုံး ဖမ်းဆီး

ဇန်နဝါရီ ၁၀ 

မြိတ်မြို့၌ ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က နေအိမ်အတွင်း အင်အားသုံး ဝင်ရောက် ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ဖမ်းဆီး ခံရသည့် အမျိုးသမီး နှစ်ဦးမှာ မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ပါရမီရပ်ကွက်နေ မသဲပွင့်ဖြူနှင့် မြိတ်တောင်နယ်မြေ မြို့သစ် ရပ်ကွက်နေ မမီးညိုတို့ ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

မြိတ်မြို့ ဒေသခံတစ်ဦးက "ရွာကို အလည်သွားရာမှာ စစ်သင်တန်း သွားတက်တယ် ဆိုပြီး စွပ်စွဲချက်နဲ့ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်"ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် မသဲပွင့်ဖြူ သည် အာဏာဖီဆန်ရေး သပိတ်စစ်ကြောင်းတွင် ရော်ဘာကျည် နှစ်ချက် ပစ်ခတ် ဖမ်းဆီး ခဲ့ရပြီးနောက် ဒဏ်ရာပြင်းထန်မှုကြောင့် ပြန်လွှတ်ပေးခဲ့ပြီး ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်နှစ်နှစ် ချခဲ့ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လွှတ်ငြိမ်းဖြင့် ပြန် လွတ်လာခဲ့ရာက ယခုတတိယ အကြိမ် ပြန်လည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူထံမှ သိရသည်။

မသဲပွင့်ဖြူ သည် ရွာ တစ်ရွာကို ညအိပ် ခရီး အလည်သွားရာ စစ်သင်တန်း သွားတက်သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၂ နာရီတွင် သူမနေအိမ်၌ အင်အားသုံး လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

၎င်းနဲ့ အတူ သူငယ်ချင်း ဖြစ်သူ မမီးညို ဆိုသူကိုပါ တစ်ချိန်တည်း ဝင်ရောက် ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီက အမျိုးသမီး နှစ်ဦးကို မည့်သည့် နေရာသို့ ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း မြို့ခံ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly