အာဏာသိမ်းမှုဖြစ်ထားသည့်တိုင် မြန်မာတွင် ဂျပန်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်းခန့်က လုပ်ငန်းများ ဆက်ထားရန် သို့မဟုတ် တိုးချဲ့ရန် ရှိနေ

အာဏာသိမ်းမှုဖြစ်ထားသည့်တိုင် မြန်မာတွင် ဂျပန်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်းခန့်က လုပ်ငန်းများ ဆက်ထားရန် သို့မဟုတ် တိုးချဲ့ရန် ရှိနေ

ဇန်နဝါရီ ၁၀

ယမန်နှစ် စစ်အာဏာသိမ်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတို့ကြောင့် စီးပွားရေး အကြီးအကျယ် အထိနာ ယိမ်းယိုင်မှု ဖြစ်နေလင့်ကစား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော ဂျပန်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်းခန့်သည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းထားရန် သို့မဟုတ် တိုးချဲ့သွားရန် ရှိနေကြောင်း ဂျပန် ပြည်ပကုန်သွယ်မှုအဖွဲ့အစည်း (JETRO) ၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

JETRO က စစ်တမ်းတစ်ရပ် လုပ်ဆောင်ခဲ့ရာ ဖြေဆိုသူ ဂျပန်လုပ်ငန်းကုမ္ပဏီ ၅၂ ဒသမ ၃ ရာခိုင်နှုန်းက မြန်မာနိုင်ငံတွင် ၎င်းတို့၏ လက်ရှိလုပ်ငန်းလုပ်ကိုင်မှု လယ်ဗယ်များကို ဆက်ထိန်းထားမည်ဟု ပြောဆိုခဲ့ကြပြီး ၁၃ ဒသမ ၅ ရာခိုင်နှုန်းက လုပ်ငန်းများ တိုးချဲ့မည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ စစ်တမ်းကို အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။ အလားတူ စစ်တမ်းအရ ဖြေဆိုသူ ၂၇ ဒသမ ၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံရှိ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အချိုးကျ ချုံ့မည်ဟု ပြောခဲ့ကြသလို ၆ ဒသမ ၇ ရာခိုင်နှုန်းက နိုင်ငံကနေ ပြန်လည်ရုပ်သိမ်းမည် သို့မဟုတ် ၎င်းတို့၏ လုပ်ငန်းများကို တတိယနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့မည်ဟု ပြောဆိုခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာ ၉ ရက် အစီရင်ခံစာအရ အကယ်၍ မြန်မာတွင် စီးပွားရေးလုပ်ကိုင်ရမှု အခြေအနေ ဆက်လက် ယိုယွင်းဆိုးရွားနေမည် ဆိုပါက ဂျပန် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရွေးချယ်စရာ မရှိဘဲ ၎င်းတို့၏ လုပ်ငန်းများကို လျှော့ချခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းတို့ကို လုပ်ကြရမည် ဖြစ်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁ အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်ရန် နီးကပ်လာနေချိန် ကုလသမဂ္ဂက ဒီဇင်ဘာ ၃၁ ရက်က ပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံ၌ ၂၀၂၂ တွင် နိုင်ငံရေးနှင့် လုံခြုံရေး အခြေအနေက ဆက်လက် မတည်မငြိမ် ဖြစ်ဖွယ် ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမှုနှုန်း အတော်အသင့် နိမ့်ကျနေမှုကြောင့်လည်း COVID-19 စတုတ္ထလှိုင်းတစ်ခုနှင့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်များ ပေါ်ထွက်မှုက တိုးလာနေသည့် အန္တရာယ်တစ်ခုအဖြစ် ရှုမြင်နိုင်ကြောင်း ပြောခဲ့သည်။

မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၇ ဒသမ ၉ ရာခိုင်နှုန်း ကျုံ့မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အောက်တိုဘာတွင် ခန့်မှန်းခဲ့ပြီး ယင်းက ဝါရှင်တန်အခြေစိုက် အင်စတီကျူးရှင်း၏ ဧပြီလ ခန့်မှန်းချက်ကနေ ၉ ဒသမ ၀ ရာခိုင်နှုန်းပွိုင့် လျော့ကျခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၂ တွင် ၀ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျုံ့မည်ဟု IMF က ခန့်မှန်းခဲ့သည်။

JETRO ၏ စစ်တမ်းအရ ဖြေဆိုသူ ၆၃ ဒသမ ၆ ရာခိုင်နှုန်းက ၎င်းတို့၏ ၂၀၂၁ လုပ်ငန်းလည်ပတ်မှု အကျိုးအမြတ်များက အစောပိုင်းတစ်နှစ်ကထက် ကျဆင်းမည်ဟု မျှော်လင့်ကြောင်း ပြောခဲ့ကြသလို ၂၇ ဒသမ ၈ ရာခိုင်နှုန်းက တူညီသည့် အကျိုးအမြတ်လယ်ဗယ်ကို ရရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဂျပန် အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်းက သြဂုတ်လနှင့် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းကို ကုမ္ပဏီပေါင်း ၁၈၀ ခန့်က ပါဝင်ဖြေဆိုခဲ့ကြသည်။ ဇွန်လကုန်ပိုင်းအထိ ဂျပန်ကုမ္ပဏီ ၄၃၃ ခုအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required