မကွေးတိုင်းဒေသကြီး တစ်နေရာရှိ ပျက်စီးနေသည့် ကျေးရွာလမ်းများကို ဒေသကာကွယ်ရေးတပ်များနှင့် ပြည်သူများ ပူးပေါင်းပြုပြင်

မကွေးတိုင်းဒေသကြီး တစ်နေရာရှိ ပျက်စီးနေသည့် ကျေးရွာလမ်းများကို ဒေသကာကွယ်ရေးတပ်များနှင့် ပြည်သူများ ပူးပေါင်းပြုပြင်

ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီးအတွင်းရှိ နေရာတစ်နေရာတွင် ပျက်စီးနေသည့် ကျေးရွာချင်းဆက်လမ်းများကို ဒေသကာကွယ်ရေးတပ်များနှင့် ပြည်သူများ ပူးပေါင်းပြီး ပြုပြင်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ပျက်စီးနေသည့် ကျေးရွာလမ်းများ ပြုပြင်ခြင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MG.6 ပြောက်ကျားတပ်နှင်YLK ပြောက်ကျားတပ်တို့ ဦးစီးပြီး ပြည်သူလူထု၏ ကူညီထောက်ပံ့မှုနှင့်အတူ ပြုပြင်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

“ကျွန်းတစ်ခုလို့ပဲ ပြောပါရစေ။ ကျွန်တော်တို့ စခန်းချနေတဲ့ ကျွန်းပါ။ လွတ်မြောက်နယ်မြေပုံစံအထိတော့ ရှိတယ်။ မကြေညာချင်ဘူး။ စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက ကြေညာလိုက်ရင် ဝိုင်းကိုက်ဖို့ပဲသိတာ မကြေညာတာကလည်း ကျွန်းပေါ်က ကျေးရွာပေါင်း ၄၀ ကျော်က ပြည်သူတွေ ဒုက္ခရောက်မှာစိုးလို့။ အခုဆို ဒီဒေသမှာ လက်နက်တောင် ကျွန်တော်တို့ ပေါ်တင်ကိုင်သွားလာလို့ရတယ်။ လမ်းပြင်တာကလည်း လမ်းတွေက ဆိုးဝါးတော့ ပြည်သူတွေ သွားလာရတာ အဆင်မပြေဘူး။ အခုချိန်မှာ အစိုးရက မရှိတော့ ပြုပြင်တာတွေလည်း မရှိဘူး။ အဲ့ဒါကြောင့် ပြုပြင်ပေးတာပါ” ဟု MG.6 ပျောက်ကြားတပ်မှ တာဝန်ရှိသူ ကိုကျော်လင်းထွန်းက ပြောသည်။

လက်ရှိတွင် ပျက်စီးနေသည့် လမ်းပိုင်း ၅ မိုင်ခန့် ပြုပြင်ပြီးစီးပြီ ဖြစ်ပြီး ဆက်လက်ပြုပြင်မည့် လမ်းများလည်းရှိနေကာ ထိုသို့ ပြုပြင်ရာတွင် ဒေသခံ ပြည်သူတွေက လမ်းခင်းမှုဆောင်ရွက်သည့်အပေါ် မြေသယ်စက်၊ ထွန်စက်၊ မြေသယ်ကားနှင့် မြေများကို အခကြေးငွေ မယူ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

“ဒီနေရာရဲ့ တည်ငြိမ်မှုကတော့ အရင်က စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့)က ခဏခဏ ဝင်တိုက်တယ်။ ခုတော့ ရာဂဏန်းလောက်နဲ့ မလာရဲတော့ဘူး။ လာရင်လည်း ပြန်ပြန်လှည့်ပြေးသွားရတယ်။ အဓိကက ကျွန်တော်တို့က မိုင်းဆွဲတယ်။ အင်အား ၅၀ လောက်ပဲလာရင်ခံပစ်တယ်။ မဟုတ်ရင် မိုင်းပတ်ဆွဲတော့ သူတို့တွေ ပြန်ပြေးရတာပဲ။ တခါကလည်း စစ်သား အင်အား ၄၀ လောက်က ပြန်ပါရစေ မိုင်းထိတဲ့သူတို့ဘက်ကလူတွေ သွေးထွက်လွန်နေကြလို့ပါ ဆိုပြီး ကျွန်တော်တို့ဆီ ထွက်ပေါက်တောင်တောင်းယူရတဲ့ အခြေအနေတွေရှိခဲ့တယ် ” ဟု ၎င်းက ဆက်ပြောသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားနိုင်သည်ဟုဆိုသည့် အဆိုပါနေရာတွင် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များနှင့် CDM ဆရာများ ပူးပေါင်းကာ ကျေးရွာ ဆယ်ရွာတွင် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေကြောင်းလည်း သိရသည်။

MG.6 ပြောက်ကျားတပ်သည် လက်နက်တပ်ဆင်ထုတ်လုပ်ထားနိုင်မှုနှင့်အတူ တော်လှန်ရေးပြီးဆုံးသည်အထိ အခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကာ လက်ရှိအချိန်တွင် တပ်မဟာ (၁) ကို စတင်ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly