ပုလောမြို့နယ်တွင် PDFကမိုင်းဆွဲ တိုက်ခိုက်၍ စစ်ကောင်စီဘက်မှ ၄ဦးသေ ၂၀ကျော် ထိခိုက် ဒဏ်ရာရဟုဆို

By ကိုရွှေမြိတ်
09 January 2022
ပုလောမြို့နယ်တွင် PDFကမိုင်းဆွဲ တိုက်ခိုက်၍ စစ်ကောင်စီဘက်မှ ၄ဦးသေ ၂၀ကျော် ထိခိုက် ဒဏ်ရာရဟုဆို

ဇန်နဝါရီ ၉

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ဆားခဲကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ အကြား လက်နက်ကြီးငယ်တို့ဖြင့် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားရာ စစ်ကောင်စီ ဘက်မှ လေးဦး‌သေဆုံးကာ ၂၀ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) Palaw People's Defence Force ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲတွင် ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန် ပုလောမြို့နယ် ဆားခဲကျေးရွာတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF၊ PRDFနှင့် KNU ပူးပေါင်း အဖွဲ့တို့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ပထမ တစ်ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ည ၇ နာရီ ၄၀ မိနစ် အချိန်တွင် ပဝတ်ဖျားရွာဘက်တွင် ဒုတိယ အကြိမ် ထပ်မံပြီး စစ်ကောင်စီအဖွဲ့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ လေးဦး ကျဆုံးကာ ၂၀ ကျော်ခန့် ထိခိုက်ခဲ့သည့်အပြင် ရှစ်ဦးမှာ အရေးပေါ် ကုသနေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) Palaw People's Defence Force က တာ၀န်ရှိသူကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) Palaw People's Defence Force မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက "ကျွန်တော်တို့ ပုလောမှာက Local PDF , NUG PDF, KNU ပူးပေါင်း တိုက်နေကြတာပါ ပူးပေါင်း အဖွဲ့တွေက ထိခိုက်မှု မရှိပါဘူး"ဟု ပြောဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် လက်ရှိတွင် ပုလောမြို့နယ်ရှိ ပုလောကုန်းရွာ၊ ပဝတ်ကုန်းရွာနှင့် ကဒဲရွာတို့တွင် တပ်စွဲထားကာ နယ်မြေ စိုးမိုး ရှင်းလင်းရေး အတွက် ထိန်းချုပ်ရန် စစ်ကြောင်းထိုး ပြင်ဆင်နေကြောင်း ယင်းအဖွဲ့က ပြောသည်။

"ညက ဖြစ်စဉ်မှာ သူတို့ တော်တော် အထိနာတာ တွေ့ရ ပါတယ်၊ နောက်ပြီး တိုက်ပွဲ ဖြစ်ပွားမှာ ထိခိုက်မှာကို ကြိုရှောင်ပြီး နေတဲ့ အိမ်တွေကို မီးရှို့ ဖျက်ဆီးသွားတာ တွေ့ရပါတယ်၊ ဒါကြောင့် ပြည်သူတွေ အားလုံး ပူးပေါင်း ပါဝင်ပေးကြဖို့ပဲ့ ပြောချင်ပါတယ် "ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) Palaw People's Defence Force က တာဝန်ရှိသူက ပြောဆိုသည်။

တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် ပုလောမြို့နယ်တွင် တိုက်ပွဲ ပြီးဆုံးပြီး နောက် စစ်ကောင်စီအဖွဲ့မှ ပဝတ်ဖျားကျေးရွာ အတွင်း စစ်ဘေးရှောင် ဒေသခံ ပြည်သူ နေအိမ် ငါးလုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required