သရက်ချောင်းမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ် ၃ဦး အပါဝင် ပြည်သူ ၄ဦးကိုPDF ဟု စွပ်စွဲ၍ပစ်သတ်

By ကိုရွှေမြိတ်
08 January 2022
သရက်ချောင်းမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ် ၃ဦး အပါဝင် ပြည်သူ ၄ဦးကိုPDF ဟု စွပ်စွဲ၍ပစ်သတ်

ဇန်နဝါရီ ၈

တနင်္သာရီတိုင်း၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့တွင် ယမန်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အသက် မပြည့်သေးသည့် ကလေးငယ် သုံးဦး အပါဝင် အပြစ်မဲ့ အပြည်သူ လေးဦးကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သရက်ချောင်းမြို့ ကင်းရှေ့ကျေးရွာတွင် ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် စစ်ကူလာသည့် စစ်ကောင်စီစစ် ကြောင်းသည် တိုက်ပွဲ ဖြစ်နေသည့် နေရာသို့ သွားရောက်ရန် ရွာကို ဖြတ်သန်းစဉ် စစ်တပ်က PDF ဟုစွပ်စွဲကာ မောင်ခန့်ဇင်ထွေး အသက်၁၄ နှစ်၊ မောင်အောင်သက်ဖြိုး ၁၇ နှစ်၊ မောင်ရဲဇော်ထိုက် အသက် ၁၇ နှစ်နှင့် မောင်အောင်သက်ဖြိုး အသက် ၁၉ နှစ် တို့ လေးဦးကို ဦးခေါင်းတေ့၍ ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြော သည်။

သရက်ချောင်းမြို့ ကင်းရှေ့ကျေးရွာနေ ဒေသခံ တစ်ဦးက"ကလေးတွေက အလုပ်ကနေ ထမင်းစား ပြန်တဲ့ အချိန် စစ်ကောင်စီ ယာဉ်တန်းနဲ့ တိုးပြီး ကြောက်ကြောက်နဲ့ ထွက်ပြေးတော့ ပစ်ခတ်ခံရတာ ဖြစ်တယ်"ဟု ပြောဆိုသည်။

စစ်ကောင်စီက ပစ်ခတ်ခဲ့သည့် ပြည်သူ လေးဦးမှာ ကျေးရွာအတွင်း ဆောက်လုပ်ရေး လုပ်ငန်း (ပန်းရံ) အလုပ်သမားများ ဖြစ်သည်။

စစ်တပ်က PDF ဟု စွပ်စွဲကာ ပစ်ခတ်ခံရ ချိန်တွင် ပြည်သူ လေး ဦးကို ဦးခေါင်းတေ့၍ ပစ်သတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံတချို့က ပြောဆိုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required