ထားဝယ်မြို့၌ စားသောက်ဆိုင်ပိုင်ရှင် လင်မယားကို စစ်ကောင်စီတပ် အင်အားသုံး ဖမ်းဆီး

By ကိုရွှေမြိတ်
08 January 2022
ထားဝယ်မြို့၌ စားသောက်ဆိုင်ပိုင်ရှင် လင်မယားကို စစ်ကောင်စီတပ် အင်အားသုံး ဖမ်းဆီး

ဇန်နဝါရီ ၈

ထားဝယ်မြို့ပေါ်၌ စားသောက်ဆိုင် ဖွင့်လှစ် ရောင်းချနေသည့် လင်မယား နှစ်ဦးကို PDF အဖွဲ့အား ငွေကြေး ထောက်ပံ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ယမန်နေ့က စစ်ကောင်စီတပ်က အင်အားသုံးကာ နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲ ရပ်ကွက်၊ အာဇာနည်လမ်းတွင် နေထိုင်သူ ကိုကျော်ကျော်နိုင်နှင့် မရည်ဝေအေးတို့ လင်မယား နှစ်ဦးကို ဇန်နဝါရီ ၇ ရက် ညပိုင်း ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က Vigo ကား နှစ်စီးဖြင့် နေအိမ်၌ လာရောက် ဖမ်းဆီးသွားကြောင်း ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးကဆိုသည်။

ထားဝယ်မြို့နယ် ရှမ်းမလည်ဆွဲ ရပ်ကွက်နေ ဒေသခံ တစ်ဦးက "ညကြီး အော်ဟစ်သံ ကြားပါတယ်၊ စစ်သား ယူနီဖောင်းတွေနဲ့ အင်အား တစ်ဆယ်ကျော်နဲ့ အိမ်တံခါးကို ဖွင့်ခိုင်းပြီး လင်မယား နှစ်ယောက်ကို ဖမ်းဆီးသွားတာ ဖြစ်တယ်"ဟု ပြောသည်။

ဝင်ရောက် ဖမ်းဆီးချိန်တွင် အိမ်အတွင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ လင်မယားနှစ်ဦးသည် ဆုံဆည်းရာ အမည်ဖြင့် စားသောက်ဆိုင် ဖွင့်လှစ်ထားကာ အနေအေးသူများ ဖြစ်ကြပြီး ယခု အဖမ်းခံရခြင်းမှာ စွပ်စွဲခံရခြင်းသာ ဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပြု ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly