ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တစ်ခုကို ဂျပန်နှင့် ဗြိတိန် ပူးတွဲထုတ်လုပ်မည်

ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တစ်ခုကို ဂျပန်နှင့် ဗြိတိန် ပူးတွဲထုတ်လုပ်မည်

တိုကျို၊ ဇန်နဝါရီ ၉ ။           ။ ဂျပန်နှင့် ဗြိတိန်တို့၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ နောက်တစ်ဆင့်သို့ တိုးတက်လာသည်။ ဇန်နဝါရီ ၈က တိုကျိုတွင် ပြုလုပ်သည့် အစည်းအဝေး တစ်ခုအပြီး နှစ်နိုင်ငံ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများက ယင်းသို့ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တစ်ခုကို ပူးတွဲတည်ဆောက်မည်ဖြစ်ရာ ယင်းသို့တည်ဆောက်မှုက နှစ်နိုင်ငံအား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အဆင့်သစ် တစ်ခုသို့ ရောက်ရှိစေမည်ဖြစ်သည်ဟု ဝန်ကြီးများက ပြောကြားခဲ့သည်။

ယခုနှစ်တွင် RAF Typhoon လေယာဉ်များ ဂျပန်တွင်ချထားရေး ကမ်းလှမ်းခဲ့သည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး မိုက်ကယ်ဖောလွန်းက ပြောသည်။ အရှေ့တောင်အာရှတွင် စွမ်းဆောင်ရည် တည်ဆောက်ပေးမည့် ပူးတွဲသဘောတူမှုအသစ်က ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးကို ရည်ရွယ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် စက်တင်ဘာက ရှင်ဇိုအာဘေးအစိုးရက တွန်းအားပေးပြဋ္ဌာန်းခဲ့သော ဂျပန်၏လုံခြုံရေးဥပဒေသစ်ကိုလည်း ဗြိတိန်က ကြိုဆိုခဲ့သည်။ ယင်းဥပဒေက ဂျပန်အား နိုင်ငံတကာအတိုင်းအတာအထိ စစ်ရေးပတ်သက်မှုကို ခွင့်ပြုမည်ဖြစ်သည်။

နှစ်နိုင်ငံစလုံးက မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကို ရှုတ်ချခဲ့ကြပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် လုံခြုံရေးကောင်စီကို တွန်းအားပေးကြမည်ဟု ဆိုသည်။
တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်မားနေခြင်းနှင့် ပတ်သက်၍လည်း စိုးရိမ်ကြောင်း နှစ်နိုင်ငံအရာရှိများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly