ငြိမ်းချမ်းရေးညီလာခံ UNFC အဖွဲ့ဝင်များ တက်မည်မဟုတ်

ငြိမ်းချမ်းရေးညီလာခံ UNFC အဖွဲ့ဝင်များ တက်မည်မဟုတ်
UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ (ဓာတ်ပုံ-မဇ္ဈိမ)

ချင်းမိုင်၊ ဇန်နဝါရီ။ ။  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်များက ဇန်နဝါရီ ၁၂ရက်တွင် ကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း အရေးပေါ် အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်လိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးခြင်းမရှိသေးသော UNFC အဖွဲ့ဝင်များအား လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်၊ မတက်ရောက်ရေးကို UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်တိုးချဲ့ အစည်းအဝေးပြုလုပ်ကာ ဇန်နဝါရီ ၇ရက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

“ညီလာခံက ကျနော်တို့ တက်ရောက်မည်မဟုတ်ပါဘူး။ အဓိက အခြေအနေ ၃ ရက်အပေါ်မှာ ဦးတည်ပြီး အဲဒီသဘောထားကို ဆုံးဖြတ်တာ ဖြစ်ပါတယ်၊ တစ်ဖွဲ့ချင်းလည်း တက်ရောက်မည်မဟုတ်ဘူး”ဟု UNFC ၏ အထွေထွေတွဲဘက် အတွင်းရေးမှူး(၁) ဦးထွန်းဇော်က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် NCA အပေါ်အခြေခံ၍ ကျင်းပခြင်းဖြစ်၍ NCA အပေါ် အခြေခံခြင်း မရှိဘဲ အားလုံးပါဝင်မှုမရှိခြင်း၊ NCA လက်မှတ်ထိုးမှုအပေါ်အကြောင်းပြုပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြားတွင် ခွဲခြားပြုမှုဆက်ဆံခြင်းနှင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် အတည်ပြုခဲ့သည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်လည်း UNFC လိုလားသည့် ပုံစံ မဟုတ်ခြင်း စသည့် အခြေအနေ ၃ ရက်အပေါ် ဦးတည်၍ ညီလာခံ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

NCA လက်မှတ်ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အစိုးရ စစ်တပ်မှ မြေပြင်တွင် ဖိအားပေး တိုက်ခိုက်သည့် ပုံစံမျိုး လုပ်ဆောင်နေမှုများ တွေ့ရှိရပြီး ယင်းလုပ်ရပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်များ အဖွဲ့အစည်းများအကြား ခွဲခြား ဆက်ဆံခံနေရသည်ဟု သူက ပြောသည်။

“အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့က အပြည့်အဝ ဆုံးဖြတ်ခွင့်ရှိတယ်။ လက်မှတ်မထိုးတဲ့လူတွေက လေ့လာသူတို့၊ အထူးဖိတ်ကြားသူတို့ အဲဒီအဆင့်ပဲရှိတယ်။ ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အန်စီအေ အဖွဲ့တွေကတော့ ဆုလာဒ်အနေနဲ့ ငြိမ်းချမ်းနေရမယ်။ မထိုးတဲ့အဖွဲ့တွေကြတာ့ ဒဏ်ရာရမယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ခံရမယ်။ ဆုပေးဒဏ်ပေးစနစ် သုံးတဲ့ပုံစံမျိုးလည်း ဖြစ်နေပါတယ်၊ ဒါက ခွဲခြားဆက်ဆံပြုမူမှုတွေ ဖြစ်ပါတယ်”ဟု ဦးထွန်းဇော်က ပြောသည်။

ဇန်နဝါရီလ ၆ ရက် နေ့စွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တစ်ဖွဲ့ချင်းအလိုက် ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း၊ UNFC အနေဖြင့် ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ရက်က နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု ငြိမ်းချမ်ေးရးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့၏ အစည်းအဝေးမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ကို ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်တိုးချဲ့ အစည်းအဝေးတွင် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး UNFC ၏ လုပ်ငန်းစဉ်များကို ဆွေးနွေး သုံးသပ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ကျင်းပသော UNFC အစည်းအဝေးမှ နိုင်ဟံသာနှင့် ခူဦးရယ်တို့ အပါအဝင် ၉ ဦးပါဝင်သော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရန်အတွက် “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

UNFC အနေဖြင့် တက်လာမည့် အစိုးရအသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အဆင်သင့်ရှိနေပြီ ဖြစ်ကြောင်း ဦးထွန်းဇော်က ပြောသည်။

NCA လက်မှတ်မရေးထိုးသေးသည့် ရခိုင်အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ် အဖွဲ့အစည်း(LDU)၊ ဝ အမျိုးသား အဖွဲ့အစည်း (WNO)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ မွန်ပြည်တစ်ပါတီ(NMSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K)တို့ ဖြစ်သည်။

ထို့ပြင် ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (NDAA)တို့ကို ဖိတ်ကြားခဲ့သော်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက မကြာမီက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags