မလေးရှားက ဖေဖော်ဝါရီလတွင် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ကုန်သွယ်ရေး(TPP)စာချုပ်ကို လက်မှတ်ထိုးဖွယ်ရှိ

မလေးရှားက ဖေဖော်ဝါရီလတွင် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ကုန်သွယ်ရေး(TPP)စာချုပ်ကို လက်မှတ်ထိုးဖွယ်ရှိ

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၈ ။           ။ အကယ်၍ ပါလီမန်ကသာ ဥပဒေကြမ်းကို ယခုလကုန်တွင် အတည်ပြုပေးပါက မလေးရှားအနေဖြင့် ဖေဖော်ဝါရီတွင် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက် ကုန်သွယ်ရေး စာချုပ်(TPP)ကို လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မူစတာပါမိုဟာမက်က ဇန်နဝါရီ ၈ တွင်ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၆ တွင် ပါလီမန်၌ သုံးရက်ကြာ အထူးအစည်းအဝေးတစ်ရပ် စတင်ကျင်းပရန် စီစဉ်ထားပြီး အစည်းအဝေးတွင် TPP ဥပဒေကြမ်းနှင့် ပတ်သက်၍ အခြေအတင်ဆွေးနွေးကာ မဲပေးဆုံးဖြတ်ပြီးနောက် နှစ်ရက်အကြာတွင် အထက်လွှတ်တော်တွင် မဲပေးဆုံးဖြတ်မည်ဖြစ်သည်။

TPP သည် နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်သော ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်တစ်ခုဖြစ်ပြီး ကုန်သွယ်ရေးအတားအဆီးများကို လျှော့ချကာ ပစိဖိတ်အနားစွန်းဒေသများတွင် ရင်းနှီးမြုပ်နှံမှုကို   မြင့်တင်မည်ဖြစ်သည်။ TPP၏ ကုန်သွယ်မှုတန်ဘိုးမှာ တစ်ကမ္ဘာလုံးကုန်သွယ်ရေး၏ ၄၀ ရာခိုင်နှုန်းရှိသည်။

ပါလီမန်က အတည်ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း မစ္စတာမူစတာပါက မီဒီယာသို့ ပြောကြားသည်။

သို့သော်လည်း အဲန်ဂျီအိုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် မလေးရှားလူမျိုးအများအပြားက TPP သဘောတူညီချက်ကို ဆန့်ကျင်နေပြီး TPP ကြောင့် ဆေးဝါးအတွက် ကုန်ကျမှုများ မြင့်မားကာ နိုင်ငံ၏အချုပ်အခြာအာဏာကို လျော့ပါးစေသည်ဟု ယုံကြည်နေကြသည်။

မစ္စတာ မူစတာပါကမူ ကုန်သွယ်ရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းကြောင့် ထိခိုက်နစ်နာမှုထက် အကျိုးရလဒ်က ပို၍အလေးသာသည်ဟု အခိုင်အမာပြောကြားလျက်ရှိသည်။ ကုန်သွယ်ရေးသဘောတူညီချက်အရ အနည်းဆုံးခြောက်နိုင်ငံက အတည်ပြုပြီးသည်နှင့် TPP က အသက်ဝင်နိုင်မည်ဖြစ်သည်။

သို့သော်လည်း အဆိုပါခြောက်နိုင်ငံသည် အဖွဲ့ဝင် ၁၂နိုင်ငံက ဂျီဒီပီ၏ ၆၀ရာခိုင်နှုန်း အနည်းဆုံးရှိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဂျပန် သို့မဟုတ် အမေရိကန်သည် အတည်ပြုရန် မူလခြောက်နိုင်ငံထဲ တွင် ပါဝင်ရမည်ဖြစ်သည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ တွင် အော့က်လန်၌ ပြုလုပ်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly