ဧရာဝတီတိုင်းဒေသကြီးတွင် ကလေးခိုး ကောလာဟလ သတင်း ဖြန့်သူများကို အရေးယူမည်

ဧရာဝတီတိုင်းဒေသကြီးတွင် ကလေးခိုး ကောလာဟလ သတင်း ဖြန့်သူများကို အရေးယူမည်

ပုသိမ်၊ဇန်နဝါရီ ၈ ။             ။ ဧရာဝတီတိုင်းဒေသကြီးတွင် ကလေး ပျောက်ဆုံးတိုင်ကြားထားသည့် အမှုမရှိသေးသည့်အပြင် အမှန်တကယ်ကလေး ခိုးယူသည့်အဖြစ်မျိုးမရှိသည့်အတွက် ကောလာဟလ သတင်းဖြန့်သူများကို အရေးယူသွားဖြစ်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ  ဒုတိယရဲမှူးကြီး ကျော်အေး မှ ဇန်နဝါရီလ ၈ရက်နေ့တွင် ပြောသည်။

ရပ်ကွက်များတွင်လူစုလူဝေး ဖြစ်အောင်လုပ်ဆောင်ပြီး ပြည်သူလူထု အထိတ်တလန့်ဖြစ်အောင် ဆောင်ရွက်သည့်အတွက် အရေးယူနိုင်ကြောင်း၊ Facebook တွင် ကောလာဟလ ဖြန့်သည့်သူကိုလည်း နစ်နာသည့်သူက ရပ်ကွက်ထဲတွင် ကောလာဟလ ဖြန့်နေသည်ဟု လာရောက်တိုင်ကြားပါက ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ကောလာဟလ တွေစပေါ်တဲ့အချိန်ကနေ ဒီနေ့အထိ ဧရာဝတီတိုင်း၂၆မြို့နယ်အတွင်းမှာ တိုင်ထားတဲ့အမှုတစ်မှုမှ မရှိပါဘူး။တိုင်ထားတဲ့ အမှုတစ်မှုမှ မရှိတဲ့အတွက် မြေပြင်မှာလည်း ကလေးခိုးတာ မဖြစ်နိုင်ပါဘူး။အဲဒါသည် ကောလာဟလ သတင်းဘဲဖြစ်ပါတယ်။ ကောလာဟလတွေကို ချေဖျက်ဖို့အတွက်ကတော့ ရပ်ကွက်၊ကျေးရွာတွေမှာ ချထားတဲ့ အပိုင်နယ်ထိန်းရယ် ၊ရာအိမ်မှူး၊ဆယ် အိမ်မှူးပေါင်း ပြီးတော့ ထွက်လာတဲ့သတင်းကို သေချာဖော်ထုတ်ပြီးတော့မှ ပြည်သူလူထု တုန်လှုပ်ခြောက်ခြားအောင်လုပ်တဲ့ သတင်းဖြစ်တဲ့အတွက် ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူဖို့ စီစဉ်ထားပြီးဖြစ်တယ်။" ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးးရုံးမှ ဦးစီးအရာရှိပထမတန်း ဒုတိယရဲမှူးကြီး ကျော်အေး ကပြောသည်။

လှည့်ကင်းများကို သတင်းဖြစ်သည့် ရပ်ကွက်၊ကျေးရွာများတွင် တိုးလှည့်နေပြီး ကျပန်းအလုပ်သမားများ အနေများသည့်ရပ်ကွက်များတွင် သေချာစောင့်ကြည့်နေကြောင်း၊ယင်းကဲ့သည့် သတင်းထွက်ပေါ်နေ သည်မှာ ခုနှစ်ရက်ခန့်ရှိနေပြီး ယခုထက်တိုင် လူပျောက်လာရောက်တိုင်ကြားမှုမရှိသေးကြောင်း ကလေးပျောက်မှုများ ဖြစ်ပေါ်ပါကလည်း ရာအိမ်မှူး၊ဆယ်အိမ်မှူးနှင့်အပိုင်နယ်ထိန်းတို့ဖြင့် ပူးပေါင်းပြီး ရဲစခန်းကို ဖုန်းဆက်ပေးရန်လိုကြောင်း ဒုရဲမှူးကြီးကျော်အေးက ပြောသည်။

" မှောင်တဲ့အခါမှာဖြစ်တဲ့အတွက် ဘယ်သူက ဘယ်လိုလုပ်သွားတယ်၊အော်သွားတဲ့ဆိုတာ မသိရပါဘူး၊ကျေးရွာတွေမှာ အနီးစပ်ဆုံးရှိတာ အုပ်ချုပ်ရေးမှူးပါ၊ကျေးရွာ အက်ဥပဒေတွေ အရပဲဆောင်ရွက်ပါ၊ လွန်ကျွံသွားလုပ်လို့မရဘူး လူအခွင့်အရေးလည်းရှိသေးတယ်"ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်၊မြောင်းမြ၊မအူပင်နှင့်လပွတ္တာမြို့နယ်များတွင် ညဘက်တွင် ကလေးခိုးသည်ဟု ကောလာဟလသတင်းများ ဇန်နဝါရီအတွင်းဖြစ်ပေါ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly