ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်

ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်

ဇန်နဝါရီ ၄

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင် BGF နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း KNU-Mutraw သတင်းစဉ်က ဖော်ပြသည်။

KNU တပ်မဟာ (၅) ဒေသ၊ ဖာပွန်-ကမမောင်း ကားလမ်းပေါ်ရှိ ဆင်ဆွယ်၌ ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် BGF တပ်ဖွဲ့ဝင် တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဆိုသည်။

အလားတူ ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းတွင်လည်း ကညင်ကဒုံ တံတားအနီးတွင် BFG တပ်ဖွဲ့ဝင် တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးရက်အတွင်း BGF တပ်ဖွဲ့ဝင် နှစ်ဦး သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

ယင်းသို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ BGF တာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပနံသင့်သည့် BGF ခေါင်းဆောင်တချို့ ရှိနေသော်လည်း BGF တပ်ဖွဲ့ဝင်များ အနေဖြင့်မူ ကိုယ့်လူမျိုး အချင်းချင်း သတ်ဖြတ်မှု မလုပ်လိုကြကြောင်း KNU တပ်မဟာ (၅) ပြင်ပလုံခြုံရေး အရာရှိဖြစ်သူ ဗိုလ်ကြီး စောမိုးဇက်က သုံးသပ်သည်။

“အောက်ခြေ BGF ရဲဘော် အတော်များများက KNLA တပ်မတော်ဆီ ပြန်လာပူးပေါင်း ချင်ကြတယ်။ ဒါပေမယ့်လည်း အထက်က အကြမ်းဖက် စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကို ဖီလာဆန့်ကျင်လုပ်ရင်တော့ သူတို့က ဖြောင်ပစ်လိုက်မှာပဲ” ဟု ၎င်းက KNU-Mutraw ကိုပြောသည်။

သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်း KNU မူတြော်ခရိုင်၊ တပ်မဟာ (၅) ဒေသကို ထိန်းချုပ်ရန် ရည်ရွယ်ပြီး နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၃) နှင့် (၁၀၁၄) တပ်ရင်း နှစ်ရင်းကို အခြေချ လှုပ်ရှားစေခဲ့ကြောင်း သိရသည်။

အလားတူ ကရင်နီဒေသတွင်လည်း ဒီဇင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခံ ပြည်သူများကို ပြန်လွှတ်ပေးရန် ညှိနှိုင်းခဲ့သည့် ကရင်နီ နယ်ခြားစောင့် တပ်ဖွဲ့ဝင် လေးဦးလည်း သတ်ဖြတ်ခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly