စစ်ကောင်စီကို တိုက်နေခြင်းသည် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲခြင်းဟု ယာယီသမ္မတ ပြော

စစ်ကောင်စီကို တိုက်နေခြင်းသည် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲခြင်းဟု ယာယီသမ္မတ ပြော

ဇန်နဝါရီ ၄

အကြမ်းဖက် စစ်ကောင်စီကို တိုက်နေခြင်းသည် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲနေခြင်းဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလ က ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။

“ဒီအချိန်မှာ တိုင်ရင်းသား ပြည်သူတွေ အနေနဲ့ ရွေးချယ်စရာ နည်းလမ်းတစ်နည်းပဲ ရှိပါတယ်။ ပြည်သူအားလုံး နည်းမျိုးစုံ ပါဝင်ဆင်နွဲ လျက်ရှိတဲ့ ပြည်သူ့ ခုခံတော်လှန်ရေး စစ်ကို ပါဝင်ဆင်နွှဲဖို့ပဲ ရှိပါတယ်။ ဒါဟာ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကို ဆင်နွဲခြင်းလည်း ညီပါတယ်” ဟု ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းကို ယာယီ သမ္မတ ဒူဝါလရှီးလ က ၎င်း၏ လူမူကွန်ရက် စာမျက်နှာက တစ်ဆင့် ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နှစ် ၆၀ အတွင်း စစ်တပ် အာဏာသိမ်းမှု လေးကြိမ်တိတိ အာဏာသိမ်း ဗိုလ်ကျခဲ့ပြီး ဖက်စစ် စိတ်ဓာတ်ကို သရုပ်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကတော့ သမိုင်းတလျှောက် ရုပ်အဆိုး အကျည်းအတန်ဆုံး ဖြစ်ပြီး နေ့စဉ်နှင့်အမျှ လူမဆန်တဲ့ နည်းပေါင်းစုံနဲ့ ပြည်သူကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျုးလွန်နေတယ်ဆိုတာ ပြည်သူများနှင့် နိုင်ငံတကာပါ သိရှိပြီး ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ တပ်မတော် ဆိုသည့် အမည်နာမကိုယူရန် ထိုက်တန်ခြင်း မရှိတော့ဘဲ ပြည်သူ့ရန်သူ၊ အကြမ်းဖက်သမားများအဖြစ် လျော့ကျ သက်ဆင်းသွားပြီ ဖြစ်ပါတယ် “ ဟု ထပ်မံ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံတကာအရေးတို့တွင် အရေးနိမ့်နေခြင်းဖြစ်ပြီး နိုင်ငံရေး ထွက်ပေါက်ရှာရန် အချိန်ဆွဲနေခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံရေးအရ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် မူမမှန်သည် ရွေးကောက်ပွဲတစ်ခုသာ ဖြစ်ပြီး တော်လှန်ရေး တွန့်ဆုတ်စေရန် အတွက်သာ ဖြစ်ကြောင်း ပြောသည်။

“ပြည်သူ့သွေးစွန်းနေတဲ့ စစ်ရာဇဝတ်ကောင်တွေကို နိုင်ငံရေး စားပွဲဝိုင်းကို ပို့ရမည်မဟုတ်ဘဲ ပြည်တွင်း ပြည်ပ ရာဇဝတ်ခုံရုံး သို့ပို့ရမည်” ဟု ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောသည်။

စစ်တပ်သည် နိုင်ငံရေးနှင့် ပတ်သက်ရန် မလိုကြောင်း နားလည် ခံယူထားသည့် တပ်မှူး၊ တပ်သားများကို အမျိုးသား ညီညွတ်ရေး အစိုးရက ကြိုဆိုလျက်ရှိကြောင်းလည်း ယာယီ သမ္မတက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required