အနည်းဆုံး လုပ်ခလစာနှုန်း လျှော့ချခံရမည့် အရေးနှင့်ရင်ဆိုင်နေရသည့် အခြေခံလူတန်းစားများ

အနည်းဆုံး လုပ်ခလစာနှုန်း လျှော့ချခံရမည့် အရေးနှင့်ရင်ဆိုင်နေရသည့် အခြေခံလူတန်းစားများ

ဇန်နဝါရီ ၃

တည်ဆဲ အလုပ်သမား ဥပဒေအရ နောက်ဆုံးအကြိမ် သတ်မှတ်ပေးထားသည့် မြန်မာပြည် အခြေခံ အလုပ်သမား တစ်ဦး၏ အနည်းဆုံး လုပ်ခလစာသည် တစ်နေ့လျှင် ၄‚၈၀၀ ကျပ် ဖြစ်သည်။

အနည်းဆုံး လုပ်ခလစာကို နှစ်နှစ်လျှင်တစ်ကြိမ် ပြောင်းလဲသတ်မှတ်ရမည် ဖြစ်သော်လည်း ထိုဥပဒေကို ၂၀၁၈ ခုနှစ်၌သာ နောက်ဆုံး ပြင်ဆင်သတ်မှတ်နိုင်ခဲ့ပြီး NLD အရပ်သား အစိုးရ လက်ထက် ၂၀၂၀ ခုနှစ်တွင် COVID- 19 ကပ်ရောဂါကြောင့် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။

အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ပြဌာန်းခဲ့ပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ တစ်နေ့ အလုပ်ချိန် ၈ နာရီအတွက် လုပ်အားခ ၃‚၆၀၀ ကျပ်အဖြစ် ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၄‚၈၀၀ ကျပ်အထိ နောက်ဆုံး ပြင်ဆင် သတ်မှတ်နိုင်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့် အချိန်တွင်မူ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများသည် အဖက်ဖက်က နှိပ်ကွပ်မှု ဒဏ်များကို ခံနေရကာ နောက်ဆုံး ၎င်းတို့၏ လုပ်ခလစာကိုပါ ထိပါးခြင်း ခံလာရသည်။

လုပ်ငန်းခွင်ဆိုင်ရာ အကြီးအကဲများက လုပ်ခလစာ ၄‚၈၀၀ ကျပ်မှ ၃‚၆၀၀ ကျပ်သို့ ပြန်လည်လျှော့ချမည်ဆိုသည့် ညွှန်ကြားမှုများ ရှိလာခဲ့သည်။ ထိုညွှန်ကြားမှုများက စက်ရုံ၊ အလုပ်ရုံ အများစုရှိသော ရန်ကုန်တိုင်းမှ စတင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံရေး အခြေအနေနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားမှုများကို အကြောင်းပြ၍ ၃‚၆၀၀ ကျပ်သို့ လျှော့ချမည်ဆိုသည့် သတင်းသည် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မြစိမ်းရောင် စက်မှုဇုန်အတွင်းရှိ စက်ရုံတစ်ရုံမှ စထွက်လာခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ စက်ရုံ၌ အခြေခံလုပ်ခလစာဆိုင်ရာ တရားဝင် ကြော်ငြာစာကို ကပ်ထားပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ ပြောင်းလဲမည်ဟု ဆိုထားသည်။

ထိုနည်းတူ ရွှေပြည်သာနှင့် ရွှေလင်ဗန်း စက်မှုဇုန် အတွင်းမှ စက်ရုံများသည်လည်း အခြား စက်ရုံများ ပြောင်းလဲလျှင် ၎င်းတို့ပါ ပြောင်းလဲမည်ဆိုသည့် ညွှန်ကြားချက်များ ထွက်ပေါ် လာသည်ဟု အလုပ်သမား အများစုက ပြောသည်။

‘’အခုချိန်မှာ ၃၆၀၀ ကျပ်နဲ့ ပြောင်းလဲ ပေးချေတာတော့ မရှိသေးပေမဲ့ အလုပ်ရှင်တွေက အချင်းချင်း စောင့်ကြည့်နေပြီး ဇန်နဝါရီလမှာ အဖြေထွက်မှာ ဖြစ်ပါတယ်။ ဒီသတင်းဟာ အလုပ်သမားထု ကြားမှာ ဂယက်ထနေပြီး စက်ရုံတော်တော်များများက အလုပ်သမားတွေက အလုပ်သမား အဖွဲ့အစည်းတွေကို လာရောက် မေးမြန်းကြတယ်“ ဟု မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (Federation of General Workers Myanmar- FGWM) က တာဝန်ရှိသူက ပြောသည်။

ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားစနစ် (CMP) စက်ရုံ လုပ်သားများသည် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုကဏ္ဍ၏ အရေးပါသည့် နေရာတွင် ရှိနေသော်လည်း အလုပ်သမားတစ်ဦး၏ လုပ်ခသည် တစ်နာရီလျှင် ၆၀၀ ကျပ်သာ ရရှိနေသည်။ ၃‚၆၀၀ ကျပ်သို့ ပြင်ဆင်မည်ဆိုပါက တစ်နာရီလျှင် ၄၅၀ ကျပ်သာ ရရှိတော့မည် ဖြစ်သည်။ ကုန်ဈေးနှုန်းနှင့် ချိန်ထိုးကြည့်လျှင် အဆိုပါ လုပ်ခလစာ သည် မိသားစုကို ထောက်ပံ့နိုင်ရန် မဖြစ်နိုင်ဘဲ မိမိ တစ်ကိုယ်စာပင် လောက်ငှနိုင်ခြင်း မရှိပေ။

စစ်တပ် အာဏာသိမ်းအပြီး အလုပ်သမားများ ခေါင်းပုံဖြတ်ခံရမှု များစွာထဲတွင် လုပ်ခလစာ လျှော့ချမည့် အချက်သည် အဆိုးရွားဆုံးဖြစ်ပြီး အလုပ်သမားများ အုံကြွလာနိုင်ချေ ရှိနေသော ကိစ္စတစ်ရပ် ဖြစ်နေသည်။ ထို့အပြင် အနည်းဆုံး လုပ်ခလစာ ပြင်ဆင်ခြင်းသည် လုပ်ငန်းရှင်များ သဘောအတိုင်း ပြင်ဆင်၍ မရဘဲ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ သုံးပွင့်ဆိုင် ဆွေးနွေးလုပ်ဆောင်ကြရခြင်း ဖြစ်သည်။

ယခု အခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီသည် ထုတ်ပြန်ထားသည့် အခကြေးငွေထက် လျှော့ချ သတ်မှတ်လေ့ မရှိဘဲ တိုးမြှင့် သတ်မှတ်သည့် အစဉ်အလာသာ ရှိကြောင်းနှင့် ၄‚၈၀၀ ကျပ်သာ အတည်ဖြစ်ကြောင်း စစ်ကောင်စီခန့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဦးမောင်မောင်သန်းက ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာထားသည်။

အမည် မဖော်လိုသူ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌတစ်ဦးကမူ စစ်ကောင်စီ၏ ထုတ်ပြန်ချက်များသည် အတည်တကျ မဟုတ်သည့်အတွက် အယုံအကြည် မရှိကြောင်း လွန်ခဲ့သည့် ခုနစ်လပိုင်းက လူမှုဖူလုံရေးကြေး ကိစ္စနှင့် စပ်လျဉ်းကာ ရှင်းပြသည်။

အလုပ်သမားများ လူမှုဖူလုံရေး ကင်းလွတ်ခွင့် ပြုသည်ဟု NUG အစိုးရက ပြီးခဲ့သည့် ဇူလိုင်လတွင် စာထုတ်ပြီး နောက်တစ်နေ့၌ စစ်ကောင်စီကလည်း ၎င်းတို့ပိုင် မြဝတီသတင်းဌာနမှ တစ်ဆင့် COVID-19 ကာလ ဖူလုံရေး ကင်းလွတ်ခွင့် ခြောက်လ ဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့သည်။

သို့သော် လစာထုတ်သည့် အချိန်တွင်မူ လူမှုဖူလုံရေးကြေး ဖြတ်မြဲတိုင်း ဖြတ်နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို မေးကြည့်သည့်အခါ “ သတင်းပဲကြေညာတာ၊ ပေးသွင်းရမှာက အရင်အတိုင်းပဲ “ ဟု အကြောင်း ပြန်လာခဲ့ကြောင်း၊ ထို့အတွက် ကြေညာချက်များကို ယုံကြည်၍ မရကြောင်း သမဂ္ဂ ဥက္ကဋ္ဌက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly