ပလက်ဝမြို့က ပရဟိတလူငယ်ကို စစ်တပ်အတွင်း ဖမ်းဆီးထား

ပလက်ဝမြို့က ပရဟိတလူငယ်ကို စစ်တပ်အတွင်း ဖမ်းဆီးထား

ဇန်နဝါရီ ၃

ချင်းပြည်နယ်၊ ပလက်ဝမြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ (၂၈၉) တပ်အတွင်း အလံဖြူ ထောင်သည့် ကိစ္စ မီဒီယာတွင် ဖြေကြားခဲ့သည့် ပလက်ဝမြို့ခံ ပရဟိတလူငယ် ကိုတင်ထွန်းအောင်ကို နိုင်ငံတော် အကြည်အညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ပြီး ခလရ (၂၈၉) တပ်စခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မိသားစုနှင့် ရင်းနှီးသူများက မဇ္ဈိမကို ပြောသည်။

“အလံဖြူထောင်တာကို ပြောလို့ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ အခု ခလရ (၂၈၉) တပ်ရင်းမှာ ထားထားတယ်။ ကြားရသလောက်တော့ ရိုက်တာ၊ နှက်တာ မရှိဘူးလို့ သိရတယ်” ဟု မိသားနှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။

ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့တွင် အများအကျိုးပြု ပရဟိတ လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး နေပြည်တော် ကုတင် ၃၀၀ ဆံ့ ဆေးရုံတွင် ဓာတ်မှန် (၃) ရာထူးဖြင့် တာဝန် ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းလည်း ဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ခလရ (၂၈၉) တပ်စခန်းတွင် အလံဖြူထောင်သည်ကို မီဒီယာတွင် ဖြေကြားသည့် ကိစ္စဖြင့် ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်နှင့် ကိုတင်ဦး တို့နှစ်ဦးကို ဒီဇင်ဘာလ ၂၈ ရက် ည ၇ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် စစ်တပ်က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ကိုတင်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကိုတင်ထွန်းအောင်ကို နိုင်ငံတော် အကြည်အညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ ရမန်ကြီး နှစ်ပတ်ယူပြီးနောက် ခလရ (၂၈၉) တပ်စခန်းတွင် ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

“မိသားစုနဲ့တော့ တွေ့ခွင့်မရသေးဘူး။ အစားအစာတွေတော့ ပို့ပေးလို့ ရတယ်လို့ပြောတယ်။ ဟိုနေ့ကတော့ သူဖတ်ဖို့ စာတွေဘာတွေ ပို့ပေးလိုက်တယ်လို့ သိရတယ်” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။

၎င်းကို လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရုံးချိန်းခေါ်ထားသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သော ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ခလရ (၂၈၉) တပ်စခန်းအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က စတင်ပြီး အလံဖြူ လွှင့်ထူထားသည်ကို ဒေသခံများက မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required