ကျောင်းဆရာမှသည် တော်လှန်ရေး သူရဲကောင်း ဟင်နရီ

ကျောင်းဆရာမှသည် တော်လှန်ရေး သူရဲကောင်း ဟင်နရီ

ဇန်နဝါရီ ၂

မြေဖြူကိုင်သည့် လက်သည် သူ့တပည့်များ အနာဂတ်အတွက် မောင်းပြန် သေနတ်ကို ပြောင်းကိုင်ခဲ့သည်။ အသက် ၂၃ နှစ်အရွယ် ဟင်နရီ။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် တစ်နေရာတွင် ကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေရင်း စစ်အာဏာသိမ်းမှုကို သူကြုံခဲ့ရသည်။

စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းသည်ကို စသိကတည်းက စစ်အာဏာရှင် လက်အောက်တွင် သူတာဝန် မထမ်းဆောင်လိုကြောင်း သူ့သူငယ်ချင်းများကို ပြောခဲ့သည်။

သူပြောခဲ့သည့် အတိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ကာ စစ်အာဏာရှင် စနစ်အား ဆန့်ကျင်ခဲ့သည်။

ထို့နောက် ဆန္ဒပြပွဲများတွင် သူပါဝင် လှုပ်ရှားခဲ့သည်။ နောက်ဆုံး ကရင်နီပြည်နယ်တွင် လက်နက်ကိုင် တော်လှန်ရေးသမား အဖြစ် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင် တပ်သားတစ်ဦး ဖြစ်လာခဲ့သည်။

“သူလက်နက်ကိုင် တော်လှန်ရေးထဲ ဝင်လာတာ ကျွန်တော် မှတ်မိသလောက် လေးလကျော်လောက်တော့ရှိပြီ၊ သူက ပညာရေးပိုင်းမှာလည်း အားကောင်းတယ်၊ သတ္တိလည်းရှိတယ်၊ တပ်ထဲကို ရောက်လာကတည်းက တိုက်ပွဲဝင်တာအပြင် ထောက်ပို့ကိစ္စတွေလည်း အများကြီး လုပ်ပေးနိုင်ခဲ့တယ်” ဟု ငယ်သူငယ်ချင်းဖြစ်သူ ခွန်ဂျွန်ပေါက ပြောသည်။

စစ်အာဏာသိမ်းမှုအား လက်နက်ကိုင် တိုက်ပွဲဝင် တော်လှန်ကြရာတွင် ကရင်နီပြည်နယ် စစ်မျက်နှာသည် စစ်ကောင်စီတပ်အား အထိနာစေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်၏ ရပ်ကွက်နှင့် ကျေးရွာ အတော်များများမှာ ဒေသခံများ လုံးဝ နေထိုင်ခြင်း မရှိတော့သည် အထိ စစ်တလင်း ဖြစ်နေသည်က တိုက်ပွဲများ ပြင်းထန်သည်ကို ဖော်ပြနေသည်။

ဟင်နရီ၏ မိဘများသည်လည်း အများနည်းတူ စစ်ရှောင် နေကြရသည်။

၂၀၂၀ ခုနှစ် မေလ ၂၀ ရက်နေ့မှ စတင်ခဲ့သည့် ကရင်နီပြည်နယ် တိုက်ပွဲများသည် နှစ်သစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အထိ ပြင်းထန်နေဆဲ ဖြစ်သည်။ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသည်နှင့် အမျှ စစ်ကောင်စီ တပ်ဘက်ကလည်း လေကြောင်း အပါအဝင် အပြင်းအထန် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ဒီးမော့ဆိုမြို့ ငွေတောင်ဆည် ဆည်ဘောင်အနီးရှိ ပြည်အောင်ရတနာ ဆီဆိုင် အဆောက်အဦးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ဒေသခံတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

နံနက် ၈ နာရီဝန်းကျင်မှ ညနေ ၆ နာရီခန့်အထိ တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲတွင် ဟင်နရီလည်း KNDF မိခင်တပ်ရင်းမှ ပါဝင်ခိုက်ခဲ့သည်။

တိုက်ပွဲကို ကရင်နီပြည်နယ် တော်လှန်ရေး တပ်ဖွဲ့များဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့တွင်ပင် ဖရူဆိုမြို့နယ် ထီသော်တနီးကျေးရွာနှင့် လောတောတနောရွာ အနီး မွန်းတည့် ၁၂ နာရီတွင် အကြမ်းဖက် စစ်ကောင်စီတပ်များကို ကရင်နီ တပ်မတော် (KA) နှင့် KNDF တို့က တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲ ၃ နာရီနီးပါး ကြာမြင့်ခဲ့ပြီး၊ အကြမ်းဖက် စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

ဟင်နရီ ပါဝင်တိုက်ခိုက်ရာ ငွေတောင်ဆည်အနီး တိုက်ပွဲသည် တစ်နေကုန်နီးပါး အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃၀ ခန့်ကျဆုံးရာ အကျအဆုံး များနေသည့်အတွက် စစ်ကောင်စီက လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့သည်။

“နေ့လယ် ၂ နာရီ ဝန်းကျင်လောက်မှာ သူတို့က လေကြောင်းနဲ့ လာပစ်တယ်၊ ရဟတ်ယာဉ် နှစ်စင်း ဗုံးသီး အလုံး နှစ်ဆယ်လောက်ကို ပစ်သွားတာ၊ ဟင်နရီက အဲ့ဒီ လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရသွားတာပါ” ဟု သူငယ်ချင်းဖြစ်သူက ပြောပြသည်။

စစ်ကောင်စီတပ် လေကြောင်းဖြင့် ပစ်ခတ်သည့် လက်နက်ကြီး ကျည်စသည် ဟင်နရီ၏ ဦးခေါင်းကို ထိမှန်ကာ ဆေးကုသမှု ခံယူနေရင်း ဒီကနေ့ ဇန်နဝါရီလ ၂ ရက် မနက် ၁ နာရီ ဝန်းကျင်တွင် ကျဆုံးခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီ အရေးတော်ပုံ အတွက် အသက်ပေးသွားသော ရဲဘော်အား KNDF အမျိုးသား အာဇာနည် သူရဲကောင်းအဖြစ် လေးစား အသိမှတ်ပြု သမိုင်း မှတ်တမ်းတင်ကြောင်း KNDF တပ်ရင်း(၁) က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ဂုဏ်ပြုထားသည်။

ဟင်နရီသည် တက္ကသိုလ် တက်စဉ် ကာလကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်ခဲ့ပုံကိုလည်း သူ့မိတ်ဆွေတစ်ဦးက ရေးသားထားသည်။

“Rest In Power” ပါ ရဲဘော်ကြီး ဘယ်သူလဲလို့ နောက်ဆုံးတော့ တစ်ချိန်တုန်းက ကျနော်တို့ရဲ့ ကျောင်းသားသမဂ္ဂ ရဲဘော်ကြီးပါလား? ၂၀၁၆/၁၇/၁၈ ခုနှစ်တုန်း မှာ ကျနော်တို့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားအရေး လှုပ်ရှားရာတွင် ထည့်ထည့်ဝင်ဝင် ပါဝင်ခဲ့တဲ့ ရဲဘော် ဟင်နရီ ခင်ဗျား အကြွေစောလွန်းတယ်ကွား.... ခင်ဗျားရဲ့ ပေးဆပ်မှုတွေ အင်မတန်မှ ကြီးမားလွန်းတယ်” ဟု ဟင်နရီ၏ မိတ်ဆွေက ရေးသားထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲတွင်လည်း မြို့မရဲစခန်းကပ်ရပ်ရှိ ဘုရားစေတီဝိုင်းထဲတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များကို PDF ပူးပေါင်း တပ်ဖွဲ့များနှင့်အတူ KNDF နှင့် ကရင်နီ တပ်မတော် (KA) တို့ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၊ အကြမ်းဖက် စစ်ကောင်စီ တပ်သား ငါးဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ငွေတောင်ဆည် အနီးဝန်းကျင်နှင့် ဒီးမော့ဆိုမြို့မ ရဲစခန်းအနီးတွင် စစ်ကောင်စီဘက်မှ အင်အား ဖြည့်တင်းနေကြောင်း KNDF ရဲဘော်တစ်ဦးထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly