တရားစီရင်ရေး အပေါ်က အမိန့်ပေးနေသူတွေရှိကြောင်း တရားရုံး ရှေ့နေများပြော

By သတင်းနှင့် မီဒီယာ ကွန်ရက်
31 December 2021
တရားစီရင်ရေး အပေါ်က အမိန့်ပေးနေသူတွေရှိကြောင်း တရားရုံး ရှေ့နေများပြော

“ပိုင်တံခွန်က ဝန်ခံတာမဟုတ်ဘူး။ ဝန်မခံပေမယ့် တရားသူကြီးက သူ့ခေါ်ပြီးတော့ ဥပဒေအရာရှိနဲ့ အမှုတွဲထဲ က ပုံတွေပြပြီး ဆန္ဒပြတဲ့ အထဲမှာ မင်းပါတယ် ဆိုရင်မှန်သလားလို့ မေးတော့ မှန်တယ်လို့ ပြောလိုက်တာ။ အဲ့ဒါ ဆို မင်းဝန်ခံတာပဲ ဆိုပြီးအမိန့်ချလိုက်တာ။ အမှန်တော့ အဲ့ဒါ ဝန်ခံတာမဟုတ်ပါဘူး” ဟု တရားလွှတ်တော် ရှေ့ နေ တစ်ဦး က ပြောသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ တရားရုံးအသီးသီးက တရားသူကြီးများ တရားစီရင်ရာတွင် လွတ်လပ်စွာဥပဒေနှင့်အညီ စီရင်ပိုင်ခွင့်မရှိဘဲ စစ်ကောင်စီ ညွှန်ကြားသည့် အတိုင်းလုပ်နေရသည်ဟု ရှေ့နေ များက ပြောသည်။

ယခုရက်ပိုင်း နာမည်ကြီးအနုပညာရှင်များ၊ သတင်းသမားများ၊ ပရဟိတအသင်းအဖွဲ့ဝင်များကို အစုလိုက် အပြုံ လိုက် ဆက်တိုက် ပြစ်ဒဏ်များချမှတ်နေခြင်းနှင့် ပတ်သက်၍ ထောင်တွင်းတရားရုံးများ၏ အခြေအနေကို မေး မြန်းရာတွင် ထိုသို့ပြောဆိုခြင်း ဖြစ်သည်။

တရားစီရင်ရေးမူအရ တရားသူကြီးများ အနေဖြင့် ၎င်းတို့၏ စီရင်ပိုင်ခွင့်အာဏာရှိသည့် အမှုတွင် မည်သူ တစ်ဦး တစ်ယောက်၏ အမိန့်ပေး ညွှန်ကြားမှုမရှိဘဲ လွတ်လပ်စွာ စီရင်ပိုင်ခွင့်ရှိရမည် ဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

“ကျနော်တို့ နိုင်ငံမှာ တရားစီရင်ရေးရဲ့ အပေါ်ကနေပြီးတော့ အမိန့်ပေးညွှန်ကြားနေတဲ့ အဖွဲ့အစည်းတွေ ရှိ ကောင်းရှိနိုင်ပါတယ်” ဟု အဆိုပါရှေ့နေက မှတ်ချက်ပြု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုကာ ဖမ်းဆီးခံထားရသည့် ပိုင်တံခွန် အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ စစ်ဆေးမည်ဖြစ်သော်လည်း ဆန္ဒပြစဉ်ကပုံများကို ပြသ၍ မေးမြန်းမှုများပြုလုပ်ပြီး အမိန့်ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ပိုင်တံခွန်က ဝန်ခံတာမဟုတ်ဘူး။ ဝန်မခံပေမယ့် တရားသူကြီးက သူ့ခေါ်ပြီးတော့ ဥပဒေအရာရှိနဲ့ အမှုတွဲထဲ က ပုံတွေပြပြီး ဆန္ဒပြတဲ့ အထဲမှာ မင်းပါတယ် ဆိုရင်မှန်သလားလို့ မေးတော့ မှန်တယ်လို့ ပြောလိုက်တာ။ အဲ့ဒါ ဆို မင်းဝန်ခံတာပဲ ဆိုပြီးအမိန့်ချလိုက်တာ။ အမှန်တော့ အဲ့ဒါ ဝန်ခံတာမဟုတ်ပါဘူး” ဟု တရားလွှတ်တော် ရှေ့ နေ တစ်ဦး က ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၉ ရက် တစ်ရက်တည်းမှာပင် ပြည်အကျဉ်းထောင်ရှိ ထောင်တွင်းတရားရုံးတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ သတင်းထောက်၊ လွှတ်တော် ကိုယ်စားလှယ်၊ ပရဟိတသမားများ အပါအဝင် နိုင်ငံရေး အကျဉ်းသား အယောက် ၄၀ ကို ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။

“သက်ဆိုင်ရာ တရားစီရင်တဲ့ တရားသူကြီးက လွတ်လပ်မှုရှိမှ ဥပဒေနဲ့ အညီ သူစီရင်နိုင်မှာပေါ့။ သူ့ကို လွတ်လပ် မှု မပေးဘဲနဲ့ တစ်စုံတစ်ယောက်ကနေ၊ အဖွဲ့အစည်းတစ်ခုကနေ ထိန်းချုပ်ထားပြီ ဆိုကတည်းက ဥပဒေနဲ့ အညီ သူစီရင်ခွင့် မရှိတော့ဘူး။ သူ့အထက်က ညွှန်ကြားတဲ့ သူအလိုအတိုင်းပဲ ဆောင်ရွက်ရတဲ့ အနေအထားမျိုး ဖြစ် သွားတာ” ဟု ရှေ့နေသက်တမ်း အနှစ် ၃၀ ကျော်ရှိသည့် တရားလွှတ် တော်ရှေ့နေတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ တွင်လည်း လူမင်း၊ မင်းသွေးသစ်၊ ဒေါက်တာ မျိုးညွှန့်တို့အပါအဝင် နာမည်ကြီး အနု ပညာရှင်များနှင့် နိုင်ငံရေး အကျဉ်းသားများကို ထောင်ဒဏ်အသီးသီချမှတ်ခဲ့ သေးသည်။

လာမည့် နှစ်ဆန်းပိုင်း လွတ်လပ်ရေးနေ့ ကဲ့သို့သော နေ့မျိုးတွင် ထောင်အတွင်းမှ လွတ်ပေးမည့် အစီအစဉ်များရှိ နေ၍ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ပြစ်ဒဏ်များ ချမှတ်နေခြင်းဖြစ်နိုင်သည်ဟုလည်း ထောင်ဒဏ် ၂ နှစ် ကျခံ နေရသူ တစ်ဦး၏ ဖခင်က ပြောသည်။

ယခုရက်ပိုင်း ပြစ်ဒဏ်ချခံသူ အများစုသည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က၊ သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့် ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ လက်နက်ကိုင်ဆိုင်ဆောင်မှု ပုဒ်မ ၁၉ (င)၊ ၁၉(စ) တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ အများစု ဖြစ် သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး ၁၁ လခန့်အတွင် နိုင်ငံရေးယုံကြည်ချက် နိုင်ငံရေးလှုပ်ရှားမှုများကြောင်း အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးခံရသူ ၁၁၂၅၄ ယောက်ခန့် ရှိကြောင်း AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly