ဖလူးဒေသက စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ကြောင်း BGF လာရောက်ညှိနှိုင်း

ဖလူးဒေသက စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ကြောင်း BGF လာရောက်ညှိနှိုင်း

ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ်၊ လေးကေ့ကော် တိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရသည့် ဖလူးကျေးရွာအုပ်စု သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်များ အနေဖြင့် နေရပ်ပြန်လာကြရန် စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က လာရောက်ညှိနှိုင်း ပြောဆိုခဲ့ကြောင်း ယုံကြည်စိတ်ချရသော မဇ္ဈိမ၏ မြေပြင်သတင်းရင်းမြစ်က ပြောသည်။

သောင်ရင်းမြစ်ကမ်းဘေးတွင် စစ်ဘေးရှောင်နေကြသော ဖလူးကြီး၊ ဖလူးလေးကျေးရွာ အပါအဝင် ကျေးရွာသုံးရွာမှ စစ်ဘေးရှောင်များ နေရပ်ပြန်လာကြရန် BGF တပ်ဖွဲ့က စစ်ရှောင်စခန်း တာဝန်ရှိသူများကို ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်က လာရောက်ညှိနှိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အဲဒီကျေးရွာ သုံးရွာက ရွာသူရွာသားတွေဟာ လုံလုံခြုံခြုံနဲ့ သူတို့အိမ် သူတို့ ပြန်လာလို့ ရပြီလို့၊ လုံခြုံရေးအရ သူတို့ အာမခံပါတယ်ဆိုပြီး BGF က ပြောတယ်။ စခန်းတာဝန်ရှိသူတွေက သဘောတူလိုက်တယ်လို့ ပြောတယ်။ ရွာသားတွေ ရွှေ့မရွေ့ကတော့ မသိရသေးဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ခဲ့သော အာဏာသိမ်း စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲကြောင့် လေးကေ့ကော်၊ မယ်ထော်တလေး၊ ပဲဟိကလော်၊ ရသေ့ဂူ၊ မယ်ဝါးခီး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်၊ အင်ကြင်းမြိုင် စသည့်ကျေးရွာများမှ ဒေသခံ ၁၆၀,၀၀ ဝန်းကျင့်ခန့် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံ နေကြရသည်။

“မယ်ဝါးခီးတော့ မပါသေးဘူး။ မယ်ဝါးခီးမှာ မလုံခြုံသေးဘူး။ မငြိမ်းချမ်းသေးဘူးတဲ့” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ယင်းအပြင် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသော လေးကေ့ကော် ဒေသခံများ အနေဖြင့် နေရပ်ပြန်နိုင်ကြောင်း အာဏာသိမ်း စစ်ကောင်စီက မြဝတီမြို့အတွင်း ကားဖြင့် လိုက်လံ ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required