ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌကို ယနေ့ ရုံးထုတ်စစ်ဆေးမည်

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌကို ယနေ့ ရုံးထုတ်စစ်ဆေးမည်

ဒီဇင်ဘာ ၃၀

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီခွဲတွင် ရုံးထုတ် စစ်ဆေးသွားမည်ဟု KNC ပါတီထံက သိရသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဟု ကနဦး သိရှိရသည်။

ဒေါက်တာ M kawn la (အမ် ကောန်လ) သည် နေပြည်တော်၌ ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

မည်သည့် အကြောင်းအရာကို အခြေတည်၍ ပါတီ ဥက္ကဌကို ယခုကဲ့သို့ ဖမ်းဆီးသည်ကို မသိရှိ ရသေးဘဲ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးသည်ဟုသာ အကြမ်းဖျင်း သိရှိထားကြောင်း ကချင် အမျိုးသား ကွန်ဂရက် ပါတီက ထုတ်ပြန်ထားသည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ဒေါက်တာ အမ်ကောန်လသည် သူ၏ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင် နိုင်ငံရေး ဆောင်းပါးများ၊ နိုင်ငံရေး သုံးသပ်ချက်များကို ရေးသားသည်။ သတင်းမီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင်လည်း ကချင်ပြည်နယ် အတွင်းရှိ တရုတ် - မြန်မာ ရင်းနှီးမြုပ်နှံမှု စီးပွားရေးဇုန် အကြောင်းနှင့် ၎င်း၏ နိုင်ငံရေး အတွေးအမြင်များကို ပြောဆိုဖူးသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required