မြန်မာဒုက္ခသည်များကို အကူအညီပေးရန် ထိုင်းအစိုးရကို ထိုင်းလူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

မြန်မာဒုက္ခသည်များကို အကူအညီပေးရန် ထိုင်းအစိုးရကို ထိုင်းလူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

ဒီဇင်ဘာ ၃၀

မယ်ဟောင်ဆောင်နှင့် တက်ခ် ပြည်နယ်များရှိ မြန်မာဒုက္ခသည်များနှင့် ထိုင်းနိုင်ငံသားများကို အကူအညီများ အမြန်ဆုံး ပေးအပ်ရေးအတွက် ထိုင်း လူ့အခွင့်အရေး ကော်မရှင်က ထိုင်းအာဏာပိုင်များကို တိုက်တွန်းထားသည်။

မြန်မာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုင်းရင်းသား ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲများ အရှိန်မြင့်နေခဲ့ပြီး မြန်မာနိုင်ငံသား ထောင်ချီ နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံရမှုများ ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်တွင် ထိုင်းလူ့အခွင့်အရေးကော်မရှင်၏ တောင်းဆိုချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

နယ်စပ် ဧရိယာများတွင် နေထိုင်သော ထိုင်းနိုင်ငံသားများသည်လည်း ၎င်းတို့၏ အဆောက်အအုံ၊ ပစ္စည်းဥစ္စာများနှင့် အသက်များ ဆုံးရှုံးရနိုင်သည့် အန္တရာယ် ရှိကြောင်း ကော်မရှင်က ပြောခဲ့ပြီး ဒေသရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု ပြောသည်။

"ထိုင်း အစိုးရအနေနဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ တည်ငြိမ်မှုနဲ့ ဘေးကင်းမှုကို ဖန်တီးဖို့ လုပ်ဆောင်သွားသင့်ပါတယ်" ဟု ကော်မရှင်က ပြောသည်။

"အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် အဓိက မရှိမဖြစ် လိုအပ်ချက်လေးခုအပြင် ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး တို့ကို ဖော်ဆောင်မှုလိုမျိုး ဒုက္ခသည်တွေကို ကူညီဖို့ ရှင်းလင်းတဲ့ မူဝါဒတစ်ရပ် အစိုးရမှာ ရှိသင့်ပါတယ်" ဟု ယင်းက ထုတ်ပြန်ပြောဆိုသည်။

"နောက်ပြီး ခိုလှုံစရာနေရာတွေ တည်ဆောက်တာ၊ အရေးပေါ် အစီအစဉ်တစ်ခု ပြင်ဆင်တာ နဲ့ အသိပညာပေးမှု ဖန်တီးတာ တို့လိုမျိုး ထိုင်း-မြန်မာ နယ်စပ်မှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေအတွက် ဘေးကင်းလုံခြုံမှုကို သက်ဆိုင်ရာ အေဂျင်စီတွေဘက်က ထောက်ပံ့ပေးသင့်ပါတယ်" ဟုလည်း ယင်းက ပြောသည်။

ထို့ပြင် တိုက်ပွဲများအတွင်း ပိတ်မိနေသူများကို ကူညီစောင့်ရှောက်ပေးရန်အတွက် အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတို့အကြား ပြည်တွင်း လုပ်ထုံးလုပ်နည်းယန္တရားများကို ထောက်ကူရန် ကော်မရှင်က ထိုင်း အာဏာပိုင်များကို အကြံပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်း၏ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးသည် တက်ခ် ပြည်နယ် မဲဆောက်ခရိုင်သို့ သွားရောက်မည် ဖြစ်ပြီး ယင်းဧရိယာရှိ လူ့အခွင့်အရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသအေဂျင်စီများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟုလည်း ယင်းက ပြောသည်။

"မငြိမ်မသက်မှုအတွင်း ဘေးဒုက္ခကြုံရသူတွေကို လူ့အခွင့်အရေး စည်းမျဉ်းတွေနဲ့အညီ အကူအညီပေးတာက အဖွဲ့၊အုပ်စုတိုင်းအတွက် ပထမဦးစားပေး ဖြစ်လိမ့်မယ်လို့ ကော်မရှင်ဘက်က ယုံကြည်ပါတယ်" ဟု ယင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required