မြန်မာ့အရေးကူညီပေးရန် ပါဝင်သည့် ၂၀၂၂ ဘဏ္ဍာနှစ် ကာကွယ်ရေးဥပဒေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ထိုး အတည်ပြု

မြန်မာ့အရေးကူညီပေးရန် ပါဝင်သည့် ၂၀၂၂ ဘဏ္ဍာနှစ် ကာကွယ်ရေးဥပဒေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ထိုး အတည်ပြု

ဒီဇင်ဘာ ၂၈

ကာကွယ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ ၇၇၀ ဘီလီယံ ခွင့်ပြုထားသည့် ၂၀၂၂ ဘဏ္ဍာနှစ်အတွက် အမျိုးသားကာကွယ်ရေး အခွင့်အာဏာရ အက်ဥပဒေ NDAA ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး ဥပဒေအဖြစ် အတည်ပြုကြောင်း အိမ်ဖြူတော်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ယခုလအစောပိုင်းတွင် ဆီးနိတ်လွှတ်တော်နှင့် အောက်လွှတ်တော်တို့၌ ဒီမိုကရက်ရော၊ ရီပတ်ဘရီကန်များကပါ ယခု ကာကွယ်ရေးဥပဒေကြမ်းအတွက် တခဲနက်မဲပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုဥပဒေ၏ နိုင်ငံခြားတိုင်းပြည်များအခန်းတွင် မြန်မာဒီမိုကရေစီရေးကို ကူညီထောက်ခံပေးရေး ဆိုသည့် မြန်မာနိုင်ငံဆိုင်ရာဥပဒေပါဝင်၍ အမေရိကန်အစိုးရသည် မြန်မာ့အရေးကို ဥပဒေပါအချက်တွေအတိုင်း လုပ်ကိုင်ရတော့မည်ဖြစ်သည်။

“အခု ဥပဒေဟာ စစ်မှုထမ်းတွေနဲ့ မိသားစုဝင်တွေအတွက် မရှိမဖြစ် အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပြီး တရားမျှတမှုကို ဖော်ဆောင်ပေးပါမယ်၊ ကျွန်တော်တို့ရဲ့ အမျိုးသားကာကွယ်ရေးအတွက် အထောက်အပံ့ကို အရေးပါတဲ့ အခွင့်အာဏာ ပေးမှာ ဖြစ်ပါတယ်”ဟု ဥပဒေအား အတည်ပြုလက်မှတ်ထိုးပြီးနောက် ထုတ်ပြန်ချက်၌ ဂျိုးဘိုင်ဒင်က ပြောသည်။

NDAA သည် နှစ်စဉ် အဓိက ဥပဒေပြုရာ၌ အဓိကအခန်းကဏ္ဍ ဖြစ်ခြင်းနှင့် ကိစ္စတော်တော်များများ ဖြေရှင်းရေး ဥပဒေဖြစ်ခြင်းတို့ကြောင့် အနီးကပ် စောင့်ကြည့်ရသည့် ဥပဒေပဲ ဖြစ်သည်။ NDAA ကို ဥပဒေအဖြစ် နှစ်စဉ် ပြဋ္ဌာန်းလာခဲ့သည်မှာ နှစ်ခြောက်ဆယ်တိုင်ပြီ ဖြစ်သည်။

ယမန်နှစ်ကထက် စစ်အသုံးစရိတ် ၅ ရာခိုင်နှုန်းနီးပါး ပိုမို ခွင့်ပြုထားသည့် ၂၀၂၂ NDAA အတည်ပြုရေး သဘောတူညီချက်ရရန် တရုတ်နှင့် ရုရှတို့နှင့် ပတ်သက်သော မူဝါဒများ၌ သောင်မတင်ရေမကျ ဖြစ်ခဲ့ပြီးမှ ဒီမိုကရက်နှင့် ရီပတ်ဘရီကန်များကြား အပြင်းအထန် ဆွေးနွေးကာ သဘောတူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု NDAA တွင် တပ်ဖွဲ့ဝင်များအား ၂ ဒသမ ၇ ရာခိုင်နှုန်း လစာတိုးမြှင့်ရေးနှင့် လေယာဉ်နှင့် ရေတပ်သင်္ဘောများ ပိုမို ဝယ်ယူရေးတို့ ပါဝင်သည်။ ထိုပြင် ရုရှနှင့် တရုတ်တို့ အဓိကဖြစ်သော ပထဝီနိုင်ငံရေး ခြိမ်းခြောက်မှုများအား ကိုင်တွယ်ဖြေရှင်းရေး မဟာဗျူဟာတို့လည်း ပါရှိသည်။

NDAA ၏ အသုံးစရိတ်၌ ဒေါ်လာ သန်း ၃၀၀ သည် ယူကရိန်းလုံခြုံရေး ကူညီပေးရေးလုပ်ငန်းစဉ်၊ ဒေါ်လာ ၄ ဘီလီယံသည် ဥရောပကာကွယ်ရေးလုပ်ငန်းစဉ်နှင့် ဒေါ်လာ သန်း ၁၅၀ သည် ဘောလ်တစ်ဒေသ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတို့အတွက် ဖြစ်သည်။

တရုတ်နှင့် ပတ်သက်၍ ယင်း ဥပဒေ၌ ပစိဖိတ်ဒေသ ဟန့်တားရေး လုပ်ငန်းစဉ်နှင့် ထိုင်ဝမ်ကာကွယ်ရေး ကူညီထောက်ပံ့မှုတို့အတွက် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံအပြင် တရုတ်၏ ရှင်ကျန်းဒေသမှ အတင်းအဓမ္မ လုပ်အားဖြင့် ထွက်ရှိထုတ်ကုန်များကို ကာကွယ်ရေး ဝန်ကြီးဌာန ဝယ်ယူခြင်းအား တားမြစ်ချက်လည်း ပါဝင်သည်။

ထိုပြင် ဂျိုးဘိုင်ဒင် လက်ထက်၌ ဩဂုတ်လအတွင်းက အဆုံးသတ်ခဲ့သော အမေရိကန်၏ အရှည်ကြာဆုံးဖြစ်သည့် အာဖဂန်နစ္စတန်က စစ်ပွဲအား ဆန်းစစ်သုတေသနပြုရေး အဖွဲ့ဝင် ၁၆ ဦးပါ ကော်မရှင် ဖွဲ့စည်းရေးလည်း ယင်း ဥပဒေတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required