ကရင်နီ ပြည်သူများအား စစ်တပ်က မီးရှို့သတ်ဖြတ်မှု အရေးယူပေးရန် ကုလ လုံခြုံရေးကောင်စီကို ဦးကျော်မိုးထွန်း တောင်းဆို

ကရင်နီ ပြည်သူများအား စစ်တပ်က မီးရှို့သတ်ဖြတ်မှု အရေးယူပေးရန် ကုလ လုံခြုံရေးကောင်စီကို ဦးကျော်မိုးထွန်း တောင်းဆို

ဒီဇင်ဘာ ၂၈

ကရင်နီပြည်သူ ၄၀ နီးပါးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည့် စစ်အုပ်စုအား ချက်ချင်း အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စာပို့ တောင်းဆိုလိုက်သည်။

မီးရှို့အသတ်ခံရမှု ဖြစ်ပွားပြီး ၃ ရက်အကြာ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကုလ အတွင်းရေးမှူးချုပ်ထံ လိပ်မူပြီး စာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ကိုလည်း မိတ္တူ ပေးပို့ခဲ့သည်။

ဦးကျော်မိုးထွန်း ပေးပို့ခဲ့သည့် စာတွင် အကြမ်းဖက် စစ်အုပ်စု(terrorist military) ဟု သုံးနှုံးထားသည်ကို တွေ့ရပြီး ခရစ်စမတ်နေ့ မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်၌ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် စစ်အုပ်စုမှ ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ဦးမှ ၄၀ ဦးအထိ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြောင်း ရေးသားထားသည်။

ထို့အပြင် အကြမ်းဖက် စစ်အုပ်စုက လူမဆန်စွာ ကျူးလွန်နေမှုများအပေါ် ကုလသမဂ္ဂ ဦးဆောင်သည့် လွတ်လပ်ပြီး ဘက်လိုက်မှု မရှိသော စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဆုံး ဖွဲ့စည်းရန်လည်း တောင်းဆိုထားသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို နှောင့်နှေးမှု မရှိစေဘဲ အမြန်ဆုံး ကယ်တင် ပေးစေလိုကြောင်းလည်း မေတ္တာရပ်ခံ ထားသည်။

အကြမ်းဖက် စစ်အုပ်စုသည် ကရင်နီ ပြည်သူများကို သာမက မြန်မာနိုင်ငံတွင်းရှိ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လည်း ဒေသခံများအပေါ် ဦးတည်သည့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းစာတွင် ထည့်သွင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required