မြန်မာတွင် နှစ်သစ်ကူးကာလ အပစ်ရပ်စဲရန် ကုလအထူးသံတမန် တောင်းဆို

မြန်မာတွင် နှစ်သစ်ကူးကာလ အပစ်ရပ်စဲရန် ကုလအထူးသံတမန် တောင်းဆို

ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံတဝန်း နှစ်သစ်ကူးကာလ အပစ်ရပ်စဲရန်နှင့် ပြည်သူများ၏ အကျိုးအတွက် နိုင်ငံရှိ အဖွဲ့အုပ်စုအားလုံးအနေဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းသည်းခံကြသင့်ပြီး ပဋိပက္ခအတွက် ငြိမ်းချမ်းသော ဖြေရှင်းနည်းလမ်းတစ်ခု ရှာသင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်း ဟေဇာက တောင်းဆို ပြောကြားခဲ့သည်။

"မြန်မာပြည်သူတွေဟာ အလွန်တရာပဲ ထိခိုက်ခံစားထားခဲ့ရပြီးဖြစ်ပါတယ်၊ COVID-19 ကပ်ရောဂါကြောင့်လည်း လူမှု-စီးပွားနဲ့ လူသားချင်းစာနာမှု အခြေအနေအပေါ် ပိုဆိုးထားစေခဲ့ပါတယ်၊ ကိုယ့်ပြည်သူတွေအပေါ် ထိခိုက်ခံစားရမှုတွေ ဖြစ်စေနေသူတွေအနေနဲ့ သူတို့ရဲ့ သေနတ်သံတွေကို တိတ်အောင် လုပ်ဖို့ လိုပြီး အကူအညီ ကြီးကြီးမားမား လိုနေတဲ့အချိန် ပြည်သူတွေကို ကာကွယ်ပေးဖို့ လိုပါတယ်၊ မြန်မာနိုင်ငံရဲ့ ကလေးငယ်တွေရဲ့ အနာဂတ်က ဒီအပေါ်မှာ မူတည်နေပါတယ်" ဟု ဟေဇာက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောခဲ့သည်။

သူမ၏ ထုတ်ပြန်ချက်မတိုင်မီ ကုလ လုံခြုံရေးကောင်စီကလည်း အပစ်ရပ်စဲမှုတစ်ခုအတွက် အစောပိုင်းက တောင်းဆိုထားခဲ့သေးသည်။ ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အခြားဒေသများတွင် အကြမ်းဖက်မှုများ ဆက်လက် အရှိန်မြင့်တက်နေပြီး ပြည်သူ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာထားရမှုများ ဖြစ်စေခဲ့မှုအပေါ် အလွန်တရာ စိုးရိမ်ပူပန်နေမိရင်း ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ် ဟေဇာက ပြောသည်။

မြန်မာနိုင်ငံရှိ အဖွဲ့အုပ်စုအားလုံးအနေဖြင့် နိုင်ငံ၏ ကြီးမားသည့် အကျိုးစီးပွားအတွက် လုပ်ဆောင်ကြရန်နှင့် အရပ်သားပြည်သူများကို အကာအကွယ်ပေးရမည့် နိုင်ငံတကာ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ဥပဒေအောက်ရှိ လိုက်နာရမည့် ဝတ္တရားများကို အပြည့်အဝ လေးစားလိုက်နာရန် သူမအနေဖြင့် တိုက်တွန်းကြောင်း ကုလအထူးသံတမန်က ပြောသည်။ ထို့ပြင် အကြမ်းဖက်မှုကနေ ထွက်ပြေးခဲ့ကြရသူများ အပါအဝင် အကူအညီ လိုအပ်နေသူများထံ လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးပို့ခွင့်ပြုရန် ဟေဇာက တောင်းဆိုခဲ့သည်။

ယခုလအစောပိုင်းကမှ သူမ၏ ရာထူးတာဝန်ကို စတင်ထမ်းဆောင်နေသည့် ဟေဇာက သူမအနေဖြင့် မြန်မာပြည်သူများကို ထောက်ကူရန်နှင့် ငြိမ်းချမ်းရေးကို အားပေးရန် သူမ၏ စိတ်ပိုင်းဖြတ်ထားမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး ဤ ရည်မှန်းချက်များ ပြည့်မြောက်စေရန် ကြောင်းကျိုးဆီလျော်သည့် နိုင်ငံတကာ ထောက်ပံ့ကူညီမှုအတွက် ဆော်သြစည်းရုံးရန် ဆက်လက် အာရုံစိုက်မည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required