ဟိုက်ဒြိုဂျင်ဗုံးကို အောင်မြင်စွာစမ်းသပ်လိုက်သည်ဟူသည့် မြောက်ကိုရီးယားပြောဆိုချက် အိမ်ဖြူတော်နှင့် တောင်ကိုရီးယား သံသယရှိ

ဟိုက်ဒြိုဂျင်ဗုံးကို အောင်မြင်စွာစမ်းသပ်လိုက်သည်ဟူသည့် မြောက်ကိုရီးယားပြောဆိုချက် အိမ်ဖြူတော်နှင့် တောင်ကိုရီးယား သံသယရှိ

ဆိုးလ်၊ ဇန်နဝါရီ - ၇ ။            ။ ရရှိထားသည့် သတင်းအချက်အလက်များနှင့် ရှေ့နောက်မညီ ကွဲလွဲနေသည်ဟု ဆိုကာ ဟိုက်ဒြိုဂျင်ဗုံး အောင်မြင်စွာစမ်းသပ်လိုက်သည်ဟူသော ပြုံယမ်း၏ ပြောဆိုချက်ကို အိမ်ဖြူတော်က သံသယရှိကြောင်း ပြောကြားခဲ့သည်။

‘ကနဦး ဝေဖန်သုံးသပ်မှုက ဟိုက်ဒြိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်လိုက်တယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ပြောဆိုချက်နဲ့ ကွဲလွဲနေပါတယ်’ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျို့ရှ် အားနတ်စ်က ဇန်နဝါရီ ၆ရက်နေ့က ပြောကြားခဲ့သည်။

ပြုံယမ်းက နိုင်ငံပိုင်ရုပ်သံတွင် ဗုဒ္ဓဟူးနေ့အစောပိုင်းက ကြေညာသွားခဲ့သည့် စမ်းသပ်မှုက မြောက်ကိုရီးယား၏ စစ်ရေးစွမ်းရည်နှင့် ပတ်သက်သည့် ဝါရှင်တန်၏ အကဲဖြတ်ချက်ကို ပြောင်းလဲသွားစေမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။  

အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး၊ ဟိုက်ဒြိုဂျင်ဗုံးနှင့် ပတ်သက်၍ စိုးရိမ်နေသည့် တောင်ကိုရီးယားသမ္မတ ပက် ဂွမ်ဟေးတို့နှင့် တွေ့ဆုံရန် ပြင်ဆင်ထားသည် ဟုလည်း ဂျို့ရှ် အားနတ်စ်က ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံကလည်း ဗြိတိန်နှင့် ပြင်သစ်အပါအဝင် ကမ္ဘာ့အင်အားကြီးများနှင့် ပူးပေါင်းကာ မြောက်ကိုရီးယား၏ ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို ဆန့်ကျင်ကန့်ကွက်လာခဲ့သည်။

ပြုံယမ်းက မကြေညာမီတွင် နိုင်ငံအတွင်း ငလျင်အတုတစ်ခု လှုပ်ခတ်သွားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ထိုငလျင်၏ လှိုင်းမှာ သာမိုနျူကလီးယား လက်နက်အစစ်တစ်ခု ပေါက်ကွဲမှုထက် သေးငယ် သည်ဟု ယူဆခဲ့ကြသည်။

မြောက်ကိုရီးယားက ထရစ်တီယံ အသုံးပြုထားသည့် ပုံမှန်ဗုံးများကို တိုးမြှင့်ထုတ်လုပ်နေပုံရသည်ဟု ဆိုသည်။ တောင်ကိုရီးယား ကျွမ်းကျင်သူများကမူ တိုင်းတာရရှိသည့် ငလျင်အချက်အလက်များအရ ယခုစမ်းသပ်ဖောက်ခွဲမှုမှာ ယူရေနီယံနှင့် ပလူတိုနီယံကို အခြေခံသည့် ရိုးရိုး အနုမြူဗုံးမှ တစ်ဆင့်တက်လာခဲ့ပုံရသည်ဟု ပြောကြားကြသည်။

‘တိုင်းတာမှုတွေကို အကဲဖြတ်ချက်အရ မြောက်ကိုရီးယားက ဟိုက်ဒြိုဂျင်ဗုံးလို့ ပြောပေမယ့်လည်း ဟိုက်ဒြိုဂျင်ဗုံးစံကိုတော့ မမှီသေးပါဘူး’ဟု တောင်ကိုရီးယား အမျိုးသားလွှတ်တော် ထောက်လှမ်းရေးကော်မတီအဖွဲ့ဝင် လီ ချိုဝူးက ဆိုးလ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပေါက်ကွဲအားမှာ တီအင်တီ ၆ကီလိုတန်နှင့် ညီမျှသော်လဘည်း ၁၉၄၅ခုနှစ်တွင် အမေရိကန်က ဟီရိုရှီးမားပေါ် ကြဲချခဲ့သည့် အနုမြူဗုံးထက် ၉ဆ လျော့နည်းနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly