အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးအမှု ၂ မှု မနက်ဖြန် ပြစ်ဒဏ်အမိန့် ချမှတ်မည်

အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးအမှု ၂ မှု မနက်ဖြန် ပြစ်ဒဏ်အမိန့် ချမှတ်မည်

ဒီဇင်ဘာ ၂၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုနှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ အမှု နှစ်မှုတို့အတွက် လာမည့် ဒီဇင်ဘာလ ၂၇ ရက်တွင် အပြီးသတ်အမိန့် ချမှတ်ရန်ရှိနေသည်ဟု ရှေ့နေ အသိုက်အဝန်းထံက သိရသည်။

အဆိုပါ အမှုနှစ်မှု အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်က အပြီးသတ် အမိန့်ချရန် တရားရုံးက ဆုံးဖြတ်ထားသော်လည်း အမိန့်ချမှတ်မည့်နေ့တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးတရားခွင် တရားသူကြီးက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ရက်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

အလားတူ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကနဦး ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့သည့် သဘာဝဘေး ဥပဒေ ပုဒ်မ ၂၅ အမှု နှင့် ဆူပူအောင် လှုံဆော်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အမှု တို့အတွက်လည်း အမိန့်ချမည့်ရက် ရွှေ့ဆိုင်းခဲ့ဖူးသည်။ အဆိုပါ အမှု နှစ်မှုအတွက် နိုဝင်ဘာလ ၃၀ ရက်အတွင် အမိန့်ချမှတ်ရန် တရားရုံးက ကနဦး ဆုံးဖြတ်ခဲ့သော်လည်း ဒီဇင်ဘာလ ၆ ရက်မှသာ အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ အမှု အခြေအနေ ပေါ်ပေါက်တဲ့ပေါ် မူတည်ပြီး ရွှေ့ဆိုင်းလို့ ရပါတယ်။ ဥပဒေအရ သီးခြားကြီး ရွှေ့ဆိုင်းရမယ် မရွှေ့ဆိုင်းရဘူးလို့တော့ သတ်မှတ်ထားတာမရှိဘူး။ သို့သော် ကျင့်ဝတ်အရကတော့ ဒီနေ့ အမိန့်ချမယ်ဆိုရင်တော့ အဲ့ဒီနေ့မှာ အမိန့်ချဖြစ်အောင် ကြိုးစားကြရတာပေါ့။ သို့သော်လည်းပဲ အမှုရဲ့ အနေအထားအရ အများပြည်သူ စိတ်ဝင်စားတဲ့ အမှုမျိုးလည်း ဖြစ်မယ် နောက်ပြီး အမိန့် ချမှတ်လိုက်တဲ့ အပေါ်မှာလည်း ရိုက်ခတ်မှု ရှိနေနိုင်တယ်ဟေ့ ဆိုရင်တော့ တရားသူကြီးက လုံလောက်တဲ့ သုံးသပ်ချက်ရေးနိုင်ဖို့ အချိန်ယူတတ်ကြပါတယ်။ သို့သော်လည်းပဲ များသောအားဖြင့် တရားရုံး ညွှန်ကြားချက်တွေကတော့ ရုံးချိန်း နှစ်ချိန်းထက် ပိုပြီးတော့ ရွှေ့ဆိုင်းလို့ မရပါဘူး။ ဒါက ပြောမယ်ဆိုရင် လက်ရှိ ကျင့်သုံးနေတဲ့ တရားရုံးတွေရဲ့ ကျင့်ထုံးကျင့်စဉ်ပေါ့လေ” ဟု အမည်မဖော်လိုသူ ဥပဒေပညာရှင် တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင် နေပြည်တော်၊ ဇေယျသိဒ္ဓိရပ်ကွက် ၊ မြနန်းဘုံသာလမ်း၊ ခြံအမှတ် ၃၃(A)ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေစဉ် သူ၏ သက်တော်စောင့်များ အပါအဝင် နေအိမ် အဝင်အထွက်ဂိတ်နှင့် ကိုယ်ရေးအရာရှိ အဆောင်တွင် စကားပြောစက်အချို့နှင့် ဆက်သွယ်ရေး ဖြတ်တောက်စက်(Jummer) တစ်စုံကို တွေ့ရှိခဲ့သည်ဟုဆိုကာ မနက်ဖြန် ဒီဇင်ဘာလ ၂၇ ရက်တွင် အမိန့်ချမည့် အမှုများအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုအမှုနှစ်မှုနှင့် ပတ်သက်၍ သူ၏ နေအိမ်အတွင်း ထိုပစ္စည်းများ တွေ့ရှိခြင်း မဟုတ်ကြောင်း တရားခွင်တွင် ချေပပြောဆိုထားသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးက အပြီးသတ် အမိန့်ချမှတ်မည့် ရက်ကို ဆုံးဖြတ်ခဲ့ကြသော်လည်း ရက်ကို ပြန်လည်ရွှေ့ဆိုင်းပစ်ခဲ့ခြင်းသည် မနက်ဖြန် အမိန့်ချမည့် အမှု နှစ်ခု အပါအဝင် အမှုလေးခုအတွက် နှစ်ကြိမ်မြောက်ရှိနေပြီဖြစ်သည်။

နိုင်ငံတော်အဆင့် စိတ်ဝင်စားရသည့် အမှုများ ဖြစ်ခြင်း၊ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအပေါ် ချမှတ်မည့် အမိန့်များအတွက် နိုင်ငံတကာက နားစွင့်နေခြင်းတို့ အပြင် တရားသူကြီးနောက်ကွယ်မှ ကြိုးကိုင်နေသူ ရှိသောကြောင့် ထိုသို့ အမိန်ချရက်များ ရွှေ့ဆိုင်းနေခြင်းဖြစ်ကြောင်း အများပြည်သူ၏ ဝေဖန်မှုများ မြင့်တက်နေသည်။

“ပြည်သူလူထုက ရွေးချယ်ထားတဲ့ အခွင့်အာဏာရှိတဲ့ တရားစီရင်ရေး အခြေအနေ မဟုတ်ဘဲနဲ့ နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာတော့ ဒီလို ဝေဖန်မှုတွေက အမြဲတမ်း ပေါ်ပေါက်တတ်ပါတယ်။ ဒါကြောင့်မို့ ဒီကာလတွေမှာ တရားစီရင်ရေးဖြစ်တဲ့ တရားရုံးတွေဟာ လွတ်လပ်စွာ ဆုံးဖြတ်ရမယ် မျှတစွာ ဆုံးဖြတ်ရမယ်ဆိုတဲ့ မူတွေနဲ့ မကိုက်ညီဘူး။ အုပ်ချုပ်ရေးဘက်ကနေမှ တရားစီရင်ရေးအပေါ်မှာ လွှမ်းမိုးနေတာတွေ၊ အုပ်ချုပ်သူတွေ အလိုကျ လိုက်ပြီးဆုံးဖြတ်ပေးနေရတာမျိုးရှိတဲ့ အတွက် ဒီလိုဝေဖန်မှုကတော့ အမြဲတမ်း ရှိပါတယ်။ တကယ်ဟုတ်၊ မဟုတ်ဆိုတာကတော့ အမိန့်ထွက်လာမှပဲ သုံးသပ်နိုင်မယ့် အနေအထားဖြစ်ပါတယ်” ဟုလည်း ဥပဒေအကြံပေးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ စစ်အာဏာသိမ်းခံထားရသည့် နိုင်ငံတိုင်းတွင် တရားစီရင်ရေးသည် လွတ်လပ်မှု ကင်းမဲ့သွားတတ်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စေခိုင်းသည့် အတိုင်းသာ ဆုံးဖြတ်ရကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် စစ်ကောင်စီလက်ထက်တွင် တည်ဆဲ အမိန့်များနှင့် မျှတသည့် ပြစ်ဒဏ်မျိုးများကို မျှော်လင့်၍ ရနိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

အသက် ၇၆ နှစ်ခန့် ရှိပြီဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အမှု ၁၂ မှုဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် သဘာဝဘေးတစ်မှုနှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှု နှစ်မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် နှစ်နှစ်စီ ပြစ်ဒဏ်ချခံထားရပါသည်။

သို့သော် အမိန့်ချမှတ်သည့် ညပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဋ္ဌာနက အမှုနှစ်မှုအတွက် စုစုပေါင်းပြစ်ဒဏ် လေးနှစ် အနက် နှစ်နှစ်ကို လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required