ပတ္တမြားဒေဝီ စောမဲကျီ ဇာတ်လမ်းကို ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ကပြ ဖျော်ဖြေမည်

ပတ္တမြားဒေဝီ စောမဲကျီ ဇာတ်လမ်းကို ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ကပြ ဖျော်ဖြေမည်

ရန်ကုန် ၊ ဇန်နဝါရီ ၆ ။            ။ ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် မြသစ္စာ Entertainment မှ စီစဉ် ဆောင်ရွက်မည့် ပတ္တမြား ဒေဝီ စောမဲကျီ ရာဇဝင် စင်တင် ပြဇာတ်ကို ဇန်နဝါရီ ၁၄ရက်တွင် ရန်ကုန်မြို့ ရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် ပတ္တမြား ဒေဝီ စောမဲကျီ ရာဇဝင် စင်တင် ပြဇာတ်ကြီး ကျင်းပ ပြုလုပ်မည့် အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို ဇန်နဝါရီ ၆ရက်တွင် ရန်ကုန်မြို့ ဝါးတန်းလမ်း ရှိ Panda Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ပတ္တမြား ဒေဝီ စောမဲကျီ ရာဇဝင် သည် မြောက်ဦးခေတ် ရခိုင် ရာဇဝင် ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပြီး ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် စင်တင် ပြဇာတ် အနေဖြင့် ကပြ ခြင်း ဖြစ်သည်။

မြသစ္စာ Entertainment မှ မမေသူဇာကျော် က "ဒီပြဇာတ် ကပြ ဖို့ အတွက် လွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်း က စီစဉ်နေတာ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ အခုတော့ ဒီပွဲလေးကို စီစဉ် ဖြစ်တယ် ရခိုင်အမျိုးသမီးအသင်း နှစ် ၆၀ ပြည့်နဲ့လည်း ကြုံကြိုက် သွားတယ် ဇာတ်လမ်းကလည်း အမျိုးသမီး နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေး ဖြစ်သွားတဲ့ အတွက် ကြောင့် အခုချိန်မှာ ကျင်းပ ပြုလုပ် ဖြစ်သွားတာပါ" ဟု ပြောသည်။

ပတ္တမြား ဒေဝီ စောမဲကျီ ရာဇဝင် စင်တင် ပြဇာတ်ကို ဒါရိုက်တာ အဖြစ် ဦးမိုးမင်း မှ ဆောင်ရွက်မည် ဖြစ်ပြီး အကယ်ဒမီ ရန်အောင် ၊ အကယ်ဒမီ နေတိုး ၊ ရတနာမိုင် ၊ အကယ်ဒမီ အောင်လွင် ၊ အောင်ရေချမ်း ၊ မင်းသာကီ ၊ နေအဉ္ဇရာ ၊ ဟားစတိုင် အဖွဲ့နှင့် အနေမာသုခုမ အင်အားစု များစွာ မှ ပါဝင် ကြမည် ဖြစ်သည်။

သရုပ်ဆောင် အကယ်ဒမီ ရန်အောင်က "ကျွန်တော် ဆိုရင် အနုပညာ သက်တမ်း သင့်တင့်သလောက် ကြာပါပြီ သို့သော် ဒီလို ပြဇာတ်မျိုး တစ်ခါမှ မကခဲ့ဖူးဘူး။ ကိုမိုးမင်း ရဲ့ တိကျတဲ့ သေသပ်တဲ့ ဇာတ်ညွှန်းတွေ တင်ဆက်မှုတွေ အပေါ်မှာ ကျွန် တော် တို့က ဇာတ်ကြီး ပီပြင်အောင် ရုပ်လုံး ကြွလာအောင် ဖန်တီး ပေးရမှာပါ။ ကျွန်တော် အနေနဲ့ ဘုရင် နေရာမှာ သရုပ်ဆောင်ရမှာ ဖြစ်တဲ့ အတွက် တာဝန်လည်းကြီးပါတယ်" ဟု ပြောသည်။

ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် ပတ္တမြား ဒေဝီ စောမဲကျီ ရာဇဝင် စင်တင် ပြဇာတ်ကို ဇန်နဝါရီ ၁၄ရက်တွင် ရန်ကုန်မြို့ ရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး လက်မှတ် များကို ဇန်နဝါရီ ၇ ရက်မှ စတင်ပြီး ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

လက်မှတ်များကို တစ်စောင်လျှင် ကျပ် နှစ်သောင်း ၊ တစ်သောင်း ဖြင့် သတ်မှတ် ထားပြီး မန်းသီရိ တေးသံသွင်း ၊ တော်ဝင်စင်တာ ၊ Nobody (ရန်ကင်းစင်တာ ၊ ဒဂုံစင်တာ) တို့တွင် ဝယ်ယူ ရရှိ နိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly