အစ္စရေးက COVID-19 ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံမှုကို ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာ

အစ္စရေးက COVID-19 ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံမှုကို ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာ
Photo - AFP

ဒီဇင်ဘာလ ၂၂ ရက်

အစ္စရေးနိုင်ငံမှာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုရဲ့ အကြံပြုထောက်ခံချက်နဲ့အတူ အသက် ၆၀ နှစ်နဲ့ အထက် သက်ကြီးတွေနဲ့ ဆေးဘက်အမှုထမ်းတွေကို COVID-19 ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံပေးသွားဖို့ ရှိနေကြောင်း ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်တ်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ နိုင်ငံမှာ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အပြင်းအထန် ကြိုးပမ်းနေရပြီး ခရီးသွားလာမှုနဲ့ အခြား ပိတ်ပင်ကန့်သတ်မှုတွေ ချမှတ်ရင်း ပြည်တွင်း လော့ခ်ဒေါင်းတစ်ရပ်ကို ရှောင်ရှားလုပ်ဆောင်နေချိန်မှာပဲ ခုလို ဆုံးဖြတ်ချက် ထွက်ရှိလာတာ ဖြစ်ပါတယ်။

"လေးကြိမ်မြောက် ကာကွယ်ဆေးထိုးနှံမှုအတွက် အမြန်ဆုံး ပြင်ဆင်ထားကြဖို့ ကျွန်တော် ညွှန်ကြားချက်တစ်ရပ် ပေးထားပါတယ်" လို့ ဘန်းနက်တ်က တွစ်တာမှာ ရေးပါတယ်။

ဒါ့အပြင် အစ္စရေးဟာ COVID-19 ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံမှု လုပ်ဆောင်မယ့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာမှာ ဖြစ်ကြောင်း ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

"ကမ္ဘာကလည်း ကျွန်တော်တို့ လုပ်သလို လိုက်လုပ်ကြပါလိမ့်မယ်"

အသက် ၆၀ နှစ်အထက် ပုဂ္ဂိုလ်တွေနဲ့ ဆေးဘက်အမှုထမ်းတွေကို စတုတ္ထအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် နိုင်ငံရဲ့ ကပ်ရောဂါ ကျွမ်းကျင်ကော်မတီက အကြံပြုထောက်ခံချက်ပေးလိုက်မှုက "ဝမ်းမြောက်ဖွယ် သတင်း" ဖြစ်တယ်လို့ အစောပိုင်းက အစ္စရေးဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

"အဲဒီလို လုပ်တာက ကမ္ဘာကို လွှမ်းမိုးနေတဲ့ အိုမီခရွန်း လှိုင်းကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့ကို အကူအညီဖြစ်စေပါလိမ့်မယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly