မြန်မာဒုက္ခသည်များဆီ “ချက်ချင်း သွားရောက်ခွင့်ပြုရန်” ထိုင်းအာဏာပိုင်များအား UNHCR တောင်းဆို  

မြန်မာဒုက္ခသည်များဆီ “ချက်ချင်း သွားရောက်ခွင့်ပြုရန်” ထိုင်းအာဏာပိုင်များအား UNHCR တောင်းဆို  

ဒီဇင်ဘာ ၂၁

ပဋိပက္ခဖြစ်ပွားနေရာ ကရင်ပြည်နယ် တိုက်ပွဲများမှ ထိုင်းနိုင်ငံဆီ ပြေးရှောင်လာကြသည့် မြန်မာဒုက္ခသည် ၃၀၀၀ ကျော်ထက်မနည်းထံသို့ “ချက်ချင်း သွားရောက်ခွင့်” ပြုရန် ထိုင်းနိုင်ငံအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တနင်္လာနေ့တွင် တောင်းဆိုသည်။   

ဖေဖော်ဝါရီလက အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းမှုကို အများသိ ဆန့်ကျင်သော KNU နှင့် မြန်မာစစ်တပ်ကြားတွင် ထိုင်းနယ်စပ်မှ သိပ်မဝေးသော မြို့တစ်မြို့၌ တိုက်ပွဲများ ဖြစ်ပွားသည်။  

ပြီးခဲ့သည့် ကြာသပတေးနေ့က အမြောက်ဆန်များနှင့် လက်နက်ငယ်များ ပစ်ခတ်ခြင်းမှ ရှောင်ပြေးလာကြသော ဒုက္ခသည် ၇၀၀ နီးပါးသည် မြစ်ကိုဖြတ်ကာ ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံသည့် ဒုက္ခသည်ဦးရေသည် တနင်္လာနေ့အရောက်၌ ၃၉၀၀ ခန့်အထိ မြင့်တက်ရောက်ရှိကြောင်း UNHCR က ပြောသည်။  

“UNHCR အနေဖြင့် အဆိုပါ အရပ်သားများအတွက် စိုးရိမ်ပူပန်ပြီး အကူအညီ အထောက်အပံ့ ကမ်းလှမ်းမှုနှင့်အတူ ထိုင်းအာဏာပိုင်များထံ ချည်းကပ်နေကြောင်း” ထုတ်ပြန်ချက်၌ ဆိုထားသည်။  

“ဒုက္ခသည်များကို ကြည့်ရှုစစ်ဆေးခွင့်နှင့် လိုအပ်သော လူသားချင်းစာနာထောက်ထားရေးနှင့် အကာအကွယ် အကူအညီများ ပေးနိုင်ရေးအတွက် ဒုက္ခသည်များဆီ သွားရောက်ခွင့်ကို UNHCR နှင့် NGOs များက မေတ္တာရပ်ခံထားသည်” ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။  

တိုက်ပွဲများ ရပ်စဲပုံရသည့်အချိန်မှစကာ ဒုက္ခသည် ဒါဇင်များစွာသည် မြန်မာဖက်သို့ တဖြည်းဖြည်း ပြန်နေကြသော်လည်း ထိုင်းဖက်ခြမ်းက နှစ်နေရာတွင် ဒုက္ခသည်ပေါင်း ၃၅၀၀ နီးပါး ရှိနေဆဲဖြစ်သည်ဟု တက်ခ်ပြည်နယ် အာဏာပိုင်များက ပြောသည်။  

“ထိုင်းအာဏာပိုင်များအနေဖြင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးနေသကဲ့သို့ မြန်မာနိုင်ငံဆီ ကိုယ်ပိုင်ဆန္ဒဖြင့် ပြန်လိုသူများကိုလည်း သောင်းရင်းမြစ်ကမ်းအထိ ပို့ဆောင်ပေးနေကြောင်း” တက်ခ်ပြည်နယ်က ထုတ်ပြန်သည်။  

သို့ရာတွင် လူအများစုက စိုးရိမ်ပူပန်လျက် ရှိနေကြဆဲဖြစ်သည်ဟု ကရင်အမျိုးသမီးများ အဖွဲ့အစည်းမှ အတွင်းရေးမှူးချုပ် နော်က‌ေညာဖောက ပြောသည်။  

“အခြေအနေက အတော်လေး တင်းမာတယ်၊ အချို့အရပ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ၊ ဒုက္ခသည်တွေရဲ့ ခံစားချက်အမှန်ကို ကိုယ်စားပြုနိုင်ဖို့ လိုတယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required